စကတည်းက မြစ်လိုကောက်တော့
အဆုံးကလည်း
မြားလို မဖြောင့်ဘူး
တောင့်တဆဲ
အိပ်မက်ဟာ
အသိုက်ပျက်ငှက်လို
အိပ်တန်းပျောက်တယ်
ဆားပေါက်နေတဲ့ချွေး
...မွှေးနိုင်ပါ့မလားကွယ်။
တောင်ပေါ်က
တိမ်ပန်းတွေ
အိပ်ခန်းထဲ
အဆုပ်လိုက် အဆုပ်လိုက် ပွင့်လည်း
ခူးဆွတ်ခွင့်မကြုံတဲ့
မျှော်လင့်ချက်
အပုပ်အသိုးတွေ
ထုပ်ပိုးသိမ်းဆည်းထားရတဲ့
ကာလအလျား
ရှည်မျောမျောမှာ
'လ' ရထားက
စက်ခေါင်းပျက်လို့
အမှောင်နက်နက်ထဲ
ဆူးတောတိုးရင်း
ခေါက်ရိုးကျိုးသီချင်းကို
တီးခတ်ဖို့
ငှားထားတဲ့
ဂီတာက ကြိုးပြတ်နေသေး။
ဘယ်သူတွေ
ဘာပြောပြော
'ယောနိသော
မနုဿီကာယ' နဲ့
အနာတရတွေကို
ပန်းလိုသိမ်း
အရင်းနှီးဆုံးသူစိမ်းရဲ့
အစိမ်းရောင်
အရင်းအနှီးဟာ
တန်ဖိုးကြီးလက်ဆောင်။
။
စိုးမြင့်စိုး (ကျောက်ပန်းတောင်း)
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ