Sep 8, 2007

ဓာတုပစ္စည်းတွေ မပါဖို့ပဲ အရေးကြီးတာပါ



ပလတ်စတစ်အနောက်(UPVC)များအတွင်း ထည့်သွင်းသိုလှောင်ခြင်းကြောင့် သောက်သုံးရေတွင် ဓာတုပစ္စည်း ပါဝင်နိုင်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း အကြံပေးပုဂ္ဂိုလ် ဦးစိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း



ရှေးမြန်မာလူမျိုးတွေဟာ သက်တမ်းရှည်ကြာ နေထိုင်ကြရပြီးတော့ သက်တမ်းတလျှောက်မှာလည်း ရောဂါ ဆိုးဆိုးဝါးဝါး ရရှိခံစားကြရတာလည်း အလွန်နည်းလှတယ်လို့ ဆိုကြပါတယ်။

ဆယ်စုနှစ်တွေ တခုပြီးတခု ဖြတ်ကျော်လာတဲ့ အခါမှာ လူတွေရဲ့သက်တမ်းကလည်း တဖြည်းဖြည်း တိုလာနေပြီး ရောဂါဘယတွေကလည်း အမျိုးမျိုး အဖုံဖုံ ပေါ်ပေါက် ခံစားလာနေကြရပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာကြီးက ညစ်ညမ်းလာနေသလိုပဲ၊ ကမ္ဘာ့လူသားတွေရဲ့ လူနေမှုဘ၀ ပြောင်းလဲလာနေလို့ ဖြစ်ပါတယ်။ ကမ္ဘာ့လေထု၊ မြေထု၊ ရေထုတွေ ညစ်ညမ်းလာခြင်းပါ။ အဲဒီထဲကမှ ရေထုညစ်ညမ်းမှုလို့ ဆိုရာမှာ လူတွေနဲ့ ထိတွေ့နေရတဲ့ သောက်သုံးရေညစ်ညမ်းမှုတွေက အရေးကြီးပါတယ်။ သောက်သုံးရေနဲ့ ပတ်သက်လို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း အကြံပေးပုဂ္ဂိုလ် ဆရာဦးစိုးမြင့်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

မေး- သန့်ရှင်းတဲ့ သောက်သုံးရေဖြစ်ဖို့ လိုအပ်ချက်တွေထဲမှာ ဘယ်အချက်တွေက အရေးကြီးဆုံးပါလဲ ဆရာ။

ဖြေ - သောက်သုံးရေ တကယ်သန့်ရှင်းဖို့ စံသတ်မှတ်ချက်တွေ၊ လိုအပ်ချက်တွေတော့ အများကြီးပေါ့။ ရေက PHပြည့်မီတာထက် ဓာတုပစ္စည်း မပါဝင်ဖို့၊ အာစင်းနိတ်လို့ ခေါ်တဲ့ စိန်အဆိပ်တွေ မပါဝင်ဖို့က အရေးကြီးပါတယ်။ သူတို့တွေက ရောဂါပိုးမွှားတွေလို ကျိုချက်လိုက်လို့လည်း ပျက်စီးမသွားနိုင်ဘူး။ ဟိုတုန်းက မြန်မာတွေက ရေသောက်ရင် ငွေခွက်နဲ့ သောက်ကြတယ်။ မြေအိုးထဲမှာ ရေကို သိုလှောင်ကြတယ်။ ငွေက ရေထဲက ပိုးမွှားတွေကို စုတ်ယူတာဖြစ်တဲ့အတွက် ငွေခွက်နဲ့သောက်ခြင်းကြောင့် ရေက ပါလာတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ခုတော့ ငွေခွက်နဲ့သောက်တဲ့ အလေ့အထ၊ မြေအိုးနဲ့သိုလှောင်တဲ့ အလေ့အထ မြို့ပြမှာ မရှိသလောက်ပါပဲ။

ဒါဆို သောက်သုံးရေကို ထည့်သွင်းသိုလှောင်တဲ့အပိုင်းက အရေးကြီးတာပေါ့နော်။

အရေးကြီးတာပေါ့။ ဥပမာ ရေကို UPVC လို့ ခေါ်တဲ့ ပလပ်စတစ်အနောက်အမျိုးအစား ဗူးတွေ ပုလင်းတွေထဲမှာ ထည့်သွင်းထားပြီး နေပူ တိုက်ရိုက်ကျရောက်ပြီးထားရင်၊ ဒါမှမဟုတ် ရွှေ့ပြောင်းသယ်ဆောင်ရင် ဒီ UPVC က အပူရှိန်ကြောင့် ထွက်လာမယ့် ဓာတုပစ္စည်းတွေက ဒီရေကို သောက်သုံးတဲ့သူတွေအတွက် တကယ့်ကို အန္တရာယ်ပါပဲ။ ဗူး(ပုလင်း)အကြည်ရောင်တွေက ပြဿနာ မရှိပါဘူး။ UPVC အမျိုးအစား အပြာရောင် အနောက်ပိုက်တွေ သုံးခြင်းကလည်း ပြောစရာတခုပေါ့လေ။ အဲဒီရေပိုက်ကနေ လာတဲ့ရေက နေ့ခင်းမှာ တနေ့ခင်းလုံး ပူနေတာကြောင့် ပိုက်ထဲက ရေတွေထဲကို ဓာတုပစ္စည်းတွေ ၀င်နိုင်ပါတယ်။ အပူရှိန်ကြောင့် UPVCတွေက အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေကို ထုတ်တယ်။

ဆိုလိုတာက UPVC နဲ့ လုပ်ထားတဲ့ ပစ္စည်းနဲ့ သောက်သုံးရေတွေကို မသယ်ဆောင်၊ မသိုလှောင်သင့်ဘူးပေါ့နော်။

သောက်သုံးရေ မပြောနဲ့ သုံးရေမှာတောင် ဘယ်လောက် အရေးကြီးသလဲဆိုရင် ဟိုတုန်းက Strand ဟိုတယ်ကို ပြည်ပဧည့်သည်တဖွဲ့လာတော့ သူတို့ ဒီ ရေသွယ်ထားတဲ့ ပိုက်တနေရာကို မြင်သွားတယ်။ ချက်ချင်း ဟိုတယ်မန်နေဂျာကို ခေါ်ပြောတယ်။ ဒီလို UPVC ပိုက်တွေကို အသုံးပြုတာလဲ။ လဲပေးပါ ပေါ့။ မန်နေဂျာကလည်း လူကြီးမင်းတို့အတွက် သောက်ရေကို ပြည်ပကတင်သွင်းတဲ့ ရေသန့်ဘူးတွေ ထားပေးပါတယ် ပေါ့။ “ဒီပိုက်က လာတဲ့ရေတွေက ရေချိုးခန်းတွေအတွက် သွယ်ထားတာဖြစ်တော့ ရေချိုးရင်း ပါးစပ်ထဲ ၀င်သွားနိုင်တယ်၊ လဲမပေးရင် နောက်မလာဘူး” ပြောလို့ ချက်ချင်းပဲ ကြေးနီပိုက်တွေ ပြောင်းတပ်လိုက်ရတယ်။ တခါနဲ့တော့ ဘာမှ မဖြစ်ဘူးပေါ့။ အချိန်တွေ ကြာလာတဲ့အခါ လူကို တကယ်ကို အန္တရာယ် ဖြစ်စေမှာ။

ရန်ကုန်မှာ ရေထုညစ်ညမ်းလာတော့ ဒီရေတွေက သောက်သုံးဖို့ မသင့်တော်ဘူးလို့ ပြောနေကြတယ် ဆရာ။ ဆရာ့အမြင်လေး ပြောပြပေးပါ။

ရန်ကုန်တင် မဟုတ်ပါဘူး။ မန္တလေးမှာ ဆိုရင်လည်း သူ့ဆီက ထုတ်တဲ့ ရေသန့်ဗူးက သူ့ဒေသ ရေမကောင်းတော့ လုံးဝ သောက်လို့ မကောင်းဘူး။ ရေကောင်းရေသန့် ရဖို့ ဆိုတာ တော်တော်ရှားသွားပါပြီ။ ကျနော်ကတော့ အိမ်မှာ ရေသန့်စက်လေးနဲ့ပဲ ရေသောက်တယ်။ ရေသန့်တွေ မသောက်ဘူး ဗျ။ တော်ရုံတန်ရုံပိုးဆိုရင် မြန်မာပြည်သားတွေက ခံနိုင်ရည် ရှိနေပါတယ်။ ဓာတုပစ္စည်းတွေ မပါဖို့ပဲ အရေးကြီးတာပါ။

(စက်တင်ဘာ ၂၀၀၇၊    အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်သည်)