Dec 20, 2017

ပီတိ


ကျောခင်းပေးလိုက်ပါရဲ့
တံတားလေးတစ်စင်းပါ
ကိုယ့်အောက်မှာလား
တသွင်သွင်စီးနေတယ်
စမ်းချောင်းလေး
 ဖြတ်လျှောက်လို့လည်းရ
ခပ်သောက်လို့လည်းရ
ဘယ်တော့မှ စိတ်ကောက်သွားတယ်မရှိ
ကိုယ့်မိတ်ဆွေပါ။ ။


လူအိမ်

Dec 17, 2017

သယံဇာတကျိန်စာ


မိုးကောင်းဆဲအချိန်က
အငမ်းမရစားသုံး
ဟထားတဲ့ပါးစပ်ကြီးတွေ
အငွေ့တထောင်းထောင်းထ
အနံ့အရသာနဲ့ ပြည့်စုံတဲ့
မြစ်ဆုံအမွှာညီအစ်မကို
ညစာမချန် ပြိုင်တူခပ်သောက်နေကြတယ်။

သဘာဝကုန်စုံပေါင်းစု
လျှပ်စစ်ထုထည်ကြီးလည်းပါဝင်
ဒီရေတောတွေပြုန်း
အဆီအနှစ်တွေဆုံးရှုံးလည်း
ဂရုတစိုက်ပြုပြင်လိုစိတ်မရှိ
စရိုက်ဆန်ဆန်ဆုံးဖြတ်မှုနောက်
မြစ်မင်းဧရာရဲ့အသွေးအသား
အလိုရမ္မက်ကြီးစွာ
သူတို့တွေ စားသုံးနေကြတယ်။

ဘယ်မေ့နိုင်မလဲ
လျှာဖျားမှယစ်မူးဖွယ်အရသာ
အလိုအလျောက် အကောင်ပေါက်လာတဲ့ဥ
အိပ်ကပ်ထဲတလျှောလျှောဝင်လာ
ရာဇဝင်များရဲ့သတို့သမီး
အလောတကြီးစုပ်ယူနေတုန်း
ဇူဇကာပုဏ္ဏားလို့သတ်မှတ်တော့
မက်မပြေသူအချို့က
တောက်တစ်ခေါက်ခေါက်
မနက်စာနောက်ကျပေါင်းများလို့
ဆင်ခြေထပ်တက်ပြန်တယ်။

ခြားနားမှုတွေစီးမိုးတဲ့
အခြားရုပ်ဝတ္ထုထက်
ချဉ်ငံစပ်တွဲစပ်ထားတဲ့
မြန်မာနိုင်ငံရဲ့လက်ကို အန်တုမရခဲ့တာ
ငါတို့တွေသာအသိဆုံး
နောက်ဆုံး ကံကြမ္မာဖန်လာလို့
သမုဒ္ဒရာဝမ်းတစ်ထွာအတွက်
ကြိုးစင်ပေါ်က ဧရာဝတီ ထာဝရမသေဆုံးဖို့
သယံဇာတကျိန်စာတိုက်ပွဲ
မနက်ဖြန်ရဲ့လက်ဆင့်ကမ်းတာဝန်။ ။


ရာမညမင်းငြိမ်းချမ်း

အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ

Dec 1, 2017

ညနေများကိုဖြတ်ခဲ့ရ


လူသေရဲ့ မျက်နှာလို
ဖြူမှိုင်းတဲ့ကောင်းကင်က
ဆောင်းအသေရဲ့အလောင်းကို 
ပိုက်ပွေ့လို့ လမ်းလျှောက်တယ်။

အရွက်မဲ့ကုက္ကိုပင်ပေါ်က 
ငှက်ကလေးများ တစ်လှည့်စီတေးသီရဲ့။

အနားက သရက်ပင် တစ်ပင်လုံးစိမ်းမှောင်။

မြေပြင်ပေါ်က သစ်ရွက်သေများ 
တစ်ညတာအိပ်ရင်း 
မနက်ခင်းနုရဲ့ 
အရုဏ်ကို မြင်ချင်ပုံနဲ့
ညနေခင်းများကို
 နှုတ်ဆက်နေလိုက်တာ။    ။


နေထက်နိုင်
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ