Jul 1, 2015

အင်းလေးအတွက် တောင်းဆု



စိမ်းလဲ့

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေဒေသမှာရှိတဲ့ အင်းလေးကန်ဟာ မြန်မာနိုင်ငံရှိ ကုန်းတွင်းအိုင်တွေထဲမှာ မြစ်ကြီးနားဒေသရှိ အင်းတော်ကြီးအိုင်ပြီးရင် ဒုတိယအကြီးဆုံး
ရေချိုအိုင်ဖြစ်တယ်လို့ သိရပါတယ်။  တောင်မြောက် သွယ်တန်းလျက်ရှိတဲ့ တောင်တန်းပြာကြီးနှစ်ခုကြားမှာရှိတဲ့ အင်းလေးကန်ရေပြင်ရဲ့ သာယာလှပပုံဟာ မြင်ရသူအပေါင်းရဲ့စိတ်ကို ကြည်နူးချမ်းမြေ့စေပါတယ်။  အင်းလေးကန်အတွင်းမှာ အခြေချနေထိုင်သူတွေကို အင်းသားလို့ ခေါ်ကြတယ်။  ကမ်းရိုးတလျှောက်မှာတော့ အင်းသားများအပြင် ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ ကယား၊ တောင်ရိုး စတဲ့ တိုင်းရင်းသားတွေပါ နေထိုင်ကြပါတယ်။
          အင်းလေးလို့ ဆိုလိုက်တာနဲ့ တစ်နှစ်တစ်ခါ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိတဲ့ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားပွဲတော်၊ သေးငယ်ရှည်လျားတဲ့ လှေကလေးတွေပေါ်မှာ မတ်တပ်ရပ်ကာ ခြေထောက်တစ်ဖက်တည်းနဲ့ ကျွမ်းကျင်စွာ လှော်ခတ်သွားလာနေကြတဲ့ အင်းသားများ၊ ဈေးနေ့တွေမှာ လှေကလေးတွေနဲ့ ဒေသထွက်သီးနှံမျိုးစုံ၊ ကုန်ပစ္စည်းတွေ၊ ဒေသထွက်ငွေထည်ပစ္စည်းတွေကို ရောင်းချနေကြတဲ့ အင်းသူအင်းသားများကို မျက်စိထဲပြေးမြင်မိကြမယ်ထင်ပါတယ်။  အင်းသူ အင်းသားတွေဟာ ဘာသာတရားကိုလည်း အလေးထားရိုသေကိုင်းရှိုင်းကြတဲ့အတွက် အင်းထဲမှာ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ များပြားစွာ တည်ထားကိုးကွယ် ကြပါတယ်။  အင်းလေးဖောင်တော်ဦးဘုရား၊ ရွှေအင်းတိမ်ဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရှေးဟောင်းရုပ်စုံကျောင်းတို့ကတော့ အင်းလေးကိုရောက်သူတိုင်း ဖူးမျှော်ဖြစ်ကြတဲ့ တန်ခိုးကြီးဘုရားတွေပဲဖြစ်ပါတယ်။  ရေထဲမှာတည်ထားတဲ့ ဘုရားစေတီများကို ခပ်ဝေးဝေး လှေပေါ်ကနေ လှမ်းဖူးရတာ  သပ္ပာယ်ကြည်ညိုစရာကောင်းလှပါတယ်။
          ဘယ်နေရာ၊ ဘယ်ဒေသမှာမှမရှိတဲ့ ရိုးရာ ဓလေ့၊ ယဉ်ကျေးမှုအမွေများထွန်းကားရာ အင်းလေးကန်ကြီးဟာ အခုချိန်မှာ အဖက်ဖက်က ယိုယွင်းပျက်စီးမှုတွေနဲ့ စိုးရိမ်စရာအခြေအနေကို ရောက်ရှိနေပါပြီ။  ပြီးခဲ့တဲ့ ဧပြီလထဲမှာ ရာသီဥတုတွေပူပြင်းလွန်းတဲ့အတွက် ကန်ရေတွေခန်းခြောက်ပြီး ကန်ထဲကနေရာအချို့မှာ လှေတွေတောင်သွားလို့မရတဲ့ အခြေအနေကိုရောက်ရှိခဲ့ပါတယ်။  မေလဆန်းလောက်မှာ မိုးစတင်ရွာသွန်းခဲ့တာကြောင့် ကန်ထဲကို ရေပြန်လည်ဝင်ရောက်ကာ ရေမျက်နှာပြင် ပြန်လည်မြင့်တက်ခဲ့တယ်လို့ သိခဲ့ရတယ်။   ဒီကနေ့ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုတွေဖောက်ပြန်တာ၊ မြစ်ချောင်း အင်းအိုင်တွေ ခန်းခြောက်သွားရတာတွေဟာ သစ်တောတွေပြုန်းတီးရခြင်းက အဓိကဖြစ်တယ်ဆိုတာ သဘာဝ ပတ်ဝန်းကျင် ချစ်မြတ်နိုးသူတိုင်း သိကြမယ်လို့ ထင်ပါတယ်။  အင်းလေးကန်ပတ်လည်က တောင်ကုန်းတောင်တန်းကြီးတွေပေါ်မှာ သစ်ပင်သစ်တောတွေမရှိတော့တဲ့အတွက် ရာသီဥတုတွေပူပြင်း ဖောက်ပြန်လာပြီး  မိုးရွာသွန်းတဲ့အခါမှာလည်း မိုးရေတွေဟာ  သစ်ပင်သစ်တော မရှိတဲ့ တောင်ကုန်းတွေကို ဖြတ်စီးလာရတယ်။  မိုးရေနဲ့အတူပါလာတဲ့ နုန်းအနည်အနှစ်တွေက ချောင်းတွေ၊ မြောင်းတွေကိုဖြတ်စီးလာပြီး နောက်ဆုံး အင်းလေးကန်ကြီးအတွင်းမှာပဲ အနည်အနှစ်တွေအဖြစ် ပို့ချခဲ့တယ်။  အဲဒီ အနည်အနှစ်တွေကြောင့်ပဲ အင်းလေးကန်ရေပြင်ဟာ တဖြည်းဖြည်းတိမ်လာတယ်။  အင်းလေးကန် ဟိုးအထက်ပိုင်းက သစ်တောကြီးတွေ ပြုန်းတီးသွားတဲ့အတွက် ရာသီဥတုတွေလည်း ဖောက်ပြန် ပူပြင်းလာပြီး အင်းလေးကန်ထဲကိုစီးဝင်တဲ့ ချောင်းတွေ၊ မြောင်းတွေထဲမှာ ရေနည်းပါးလာတယ်။  ဒီလိုအခြေအနေတွေကြောင့် လွန်ခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်ကတစ်ခါ မိုးတွေခေါင်ပြီး အင်းလေးကန်ကြီးအတွင်းမှာ ကုန်းမြေတွေပေါ်လာခဲ့ဖူးတယ်။  
          အရင်တစ်ခေါက် အင်းလေးကန်ထဲ သွားရောက်လည်ပတ်ခဲ့စဉ်ကဆို မျက်စိတစ်ဆုံးမြင်နေရတဲ့ ရေပြင်ကျယ်ကြီးဟာ ကြည်လင်စိမ်းလဲ့နေပြီး ဟိုးဝေးဝေးကတောင်တန်းပြာကြီးတွေဟာ ကန်ရေပြင်ကိုအနားသတ်ထားသလို ထင်ရတယ်။  ရေကလည်းကြည်လင်နေတဲ့အတွက် ပြာလဲ့နေတဲ့ ကောင်းကင်ကြီးရဲ့အရိပ်ဟာ ကန်ရေပြင်မှာထင်ဟပ်နေပြီး ရေထဲကတိမ်တွေဟာ စက်လှေနဲ့အတူ တရိပ်ရိပ်ပြေးပြီး လိုက်ပါနေပါတယ်လို့ ထင်ရတယ်။  စင်ရော်ငှက်ကလေးတွေကလည်း လှေနောက်က အတူလိုက်ပါပျံသန်းကြတယ်။  ကန်ထဲမှာ ကျက်စားလေ့ရှိတဲ့ ရေကြက်၊ ရေဘဲ စတဲ့ အင်းထဲမှာ ကျက်စားတဲ့ငှက်လေးတွေ ဟိုဟိုသည်သည်ပျံဝဲနေတာ တွေ့ရတယ်။  အခုတော့ စင်ရော်တွေ၊ ငှက်ကလေးတွေကို  မတွေ့သလောက်ပဲ။  စင်ရော်ငှက်လေးတွေကိုလည်း အခါတိုင်းလို အုပ်စုလိုက် မဟုတ်တော့ဘဲ နှစ်ကောင်၊ သုံးကောင်လောက်သာ ပျံသန်းနေတာတွေ့ရတယ်။
          အခုတစ်ခေါက် ကျွန်မရောက်ရှိခဲ့တဲ့အင်းလေးကန်ကတော့ အရင်ကနဲ့မတူတော့။  ခုချိန်မှာ ကန်ရေပြင်ဟာ တဖြည်းဖြည်းတိမ်ကောလာသလို အရင်က ကြည်လင် စိမ်းလဲ့ခဲ့တဲ့ကန်ရေပြင်ဟာ အခုတော့ ဗေဒါတွေ၊ ချုံတွေ ဟိုတစ်ကွက် သည်တစ်ကွက်မျောပါနေပြီး ရေပြင်ဟာ ညစ်ထေးလာတော့တယ်။  ဘယ်လိုကနေတဖြည်းဖြည်းများလာမှန်းမသိတဲ့ဗေဒါတွေကို မကြာခဏဆယ်ယူနေပေမယ့် ပွားနှုန်းမြန်လှတဲ့အတွက် ဆယ်ယူလို့မနိုင်တော့ဘူးလို့  ဆိုပါတယ်။  ကန်ထဲက နေရာအတော်များများမှာ ဗေဒါခင်းတွေ တွေ့ရပါတယ်။  ကန်ထဲကို ရေအဝင် နည်းလာလို့ ရေတိမ်လာပြီး အနည်တွေ များလာတယ်။  အင်းထဲမှာ နေထိုင်ကြသူတွေသုံးတဲ့ရေတွေ၊ ချိုးတဲ့ရေတွေကလည်း ကန်ထဲကိုပဲစီးဆင်းတယ်။  ရေချိုးတဲ့နေရာမှာ၊ အဝတ်လျှော်တဲ့နေရာမှာသုံးတဲ့ ဆပ်ပြာရည်၊ ဆပ်ပြာမှုန့်တွေထဲမှာလည်း ဓာတုပစ္စည်းတွေပါတယ်။  ပြီးတော့ ကျွန်းမျောပေါ်မှာ စိုက်ခင်းစိုက်သူတွေသုံးတဲ့ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေကလည်း စိုက်ခင်းကတစ်ဆင့် အင်းထဲကိုပဲ စီးဆင်း ပျော်ဝင်ကြတယ်လေ။   ဒီဓာတုပစ္စည်းတွေ သုံးတာကြာလာတော့ တဖြည်းဖြည်းနဲ့ ရေပြင်ဟာ ညစ်ညမ်းအဆိပ်သင့်လာတာပေါ့။  အခုလိုကန်ထဲမှာ ရေနည်းလာတဲ့အခါ ပိုသိသာလာတယ်။  ကျွန်မက စိုက်ခင်းတွေကို ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေမသုံးဖို့ ပညာပေးတဲ့သူတွေ မရှိဘူးလားလို့ စက်လှေမောင်းတဲ့ ဦးလေးကြီးကို မေးတော့  ဒီဆေးတွေ သုံးလို့ မကောင်းဘူးဆိုတာ သူတို့သိပေမယ့် အဲဒီဆေးတွေသုံးမှ သီးနှံအထွက်တိုးတာလေ။  သဘာဝမြေဩဇာ (Organic) ကို သုံးတဲ့အခါ သီးနှံအထွက်နှုန်းကျပြီး တစ်ခါတရံ အလုပ်သမားငှားရမ်းခတောင်မရဘဲ အရင်းတောင်ရှုံးတယ်။  ဒါကြောင့် သူတို့လည်း ဒီဆေးတွေပဲ သုံးနေရတယ်၊ အခုဆို အင်းလေးဒေသရဲ့ နာမည်ကျော်ငါးဖိန်း အပါအဝင်၊ ဒေသခံငါးမျိုးရင်းတွေ ရှားပါး မျိုးတုံးကုန်ပြီလေ၊ ဒီအတွက်အင်းထဲမှာ တီလားဗီးယားငါးတွေကိုပဲ မွေးမြူစားသုံးနေရတယ်လို့ ဆိုပါတယ်။  
          ဟိုတုန်းက အင်းသားတွေဟာ တံငါလုပ်ငန်းကို (၆) လ လုပ်ကိုင်ပြီး၊ ကျန် (၆) လကို စိုက်ခင်းလုပ်ပါတယ်။  အခုတော့ ငါးတွေရှားပါးမျိုးတုံးကုန်တဲ့အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကိုပဲ လုပ်ကြရတော့တယ်။   အရင်ကဆို အင်းထဲကလူတွေဟာ အင်းထဲက ရေကိုပဲ ချိုးကြတယ်၊ သောက်သုံးကြတယ်။  အခုတော့ ရေက သောက်လို့မရတော့အောင် ညစ်ညမ်းနေလို့ သောက်ရေကို ဟိုးကရွာမှာ သီးသန့်သွားခပ်ရတယ်လို့ စက်လှေဦးကြီးက ကမ်းပေါ်ကရွာကို လက်ညှိုးညွှန်ပြပါတယ်။  တို့ အင်းသားတွေက ကန်ကြီးတိမ်ကောပျက်စီးသွားမှာ၊ နောင်လာ နောက်သားတွေလက်ထက်မှာ ဒီထက်အခြေအနေဆိုးပြီး ကုန်းမြေဖြစ်သွားမှာကို စိုးရိမ်ပူပန်နေရတယ်၊ တို့လည်း ဒီလိုပဲလုပ်ကိုင်စားလာကြတာ၊  ဘယ်လို ထိန်းသိမ်းရမလဲမသိဘူးလို့ဆိုတော့ ရိုးသားလှတဲ့ သူတို့ရဲ့ဘဝကို သနားမိပါတယ်။
          အခု ကျွန်မရောက်ရှိခဲ့တဲ့ အင်းလေးကန်ရဲ့ အနေအထားကိုကြည့်ပြီး ကျွန်မလည်း စိတ်ပူမိပါတယ်။  အင်းလေးကန်ရဲ့ သာယာလှပမှု၊ ထူးခြားဆန်းကျယ်မှုတွေဟာ မြန်မာနိုင်ငံမှာတင်မကဘဲ ကမ္ဘာထိအောင်ကျော်ကြားလှတဲ့အတွက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တိုင်း အင်းလေးကန်ကို သွားရောက်လည်ပတ်ကြပါတယ်။  အင်းလေးကန်ကြီး တိမ်ကောပျက်စီးသွားခဲ့ရင် နှစ်စဉ်ဝင်ငွေသာမက၊ ယဉ်ကျေးမှု အမွေအနှစ်များလည်း ပျောက်ဆုံးသွားရတော့မှာပါ။  ရှမ်းပြည်နယ်တင်သာမကဘဲ မြန်မာနိုင်ငံအနှံ့အပြားကိုပါ တင်ပို့ရောင်းချနေရတဲ့ ကျွန်းမျောစိုက်ခင်းတွေပေါ်က သီးနှံတွေ၊ အင်းသီးလို့ ခေါ်တဲ့  နာမည်ကျော် အင်းခရမ်းချဉ်သီးတွေ၊ ကန်ရေပြင်ကျယ်ကြီးထဲမှာ လှေကလေးတွေကို ခြေတစ်ဖက်တည်းနဲ့ ကျွမ်းကျင်စွာ လှော်ခတ်သွားလာနေကြတဲ့ အင်းသူ၊ အင်းသားတွေရဲ့ဘဝတွေပါ ပျောက်ကွယ်သွားရတော့မှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲ့သဘာဝအလှ အင်းလေးကန်ကြီးမပျက်စီး၊ မပျောက်ကွယ်သွားအောင် အင်းသားတွေမှာသာမဟုတ် ကျွန်မတို့မြန်မာတစ်မျိုးသားလုံးမှာ တာဝန်ရှိပါတယ်လို့ ကျွန်မထင်မြင်မိပါတယ်။  အင်းလေးကန်ကြီး အမြဲသာယာစိမ်းလန်းစေဖို့ ဘက်ပေါင်းစုံကနေ ဝိုင်းဝန်း ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ အခုအခါမှာ အင်းလေးကန်ကို မြန်မာနိုင်ငံရဲ့ လူသားနဲ့ ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။  ဇွန်လ (၈) ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့  လူသားနှင့် ဇီဝ အဝန်းနယ်မြေ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု ကော်မတီရဲ့  ၂၇ ကြိမ်မြောက်အစည်းအဝေးမှာ နိုင်ငံပေါင်း (၁၉) နိုင်ငံမှ (၂၆) နေရာအနက် အင်းလေးကန်အပါအဝင် နေရာ (၂ဝ) ကို အသိအမှတ်ပြု လက်ခံလိုက်တယ်လို သိရတယ်။  ဒီ့အတွက် အင်းလေးကန် ရေရှည်တည်တံ့ရေး အတွက် ရံပုံငွေ၊ နည်းပညာကဏ္ဍတို့မှာ နိုင်ငံတကာ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပါတော့မယ်။             

          ဒါကြောင့် သာယာလှပသော၊ ထူးခြားဆန်းကျယ် သော၊ ယဉ်ကျေးမှုအမွေအနှစ်များကိန်းအောင်းရာ အင်းလေးကန်ကြီး ထာဝရတည်တံ့နေနိုင်ပါစေ၊ အင်းသားတို့ရဲ့ဘဝ သာယာအေးချမ်းပါစေ၊ ဒီနေရာမှာ အလွန် သာယာပြီး ကြည်လင်စိမ်းလဲ့နေတဲ့ကန်ရေပြင်ကြီး ရှိခဲ့ဖူးတယ်ဆိုတာကို လူကြီးတွေက ကလေးတွေကို အိပ်ယာဝင်ပုံပြင်လိုပြောရတဲ့အဖြစ်မျိုးကို မရောက်ပါစေနဲ့၊ အင်းလေးကန်ကြီး ရေရှည်တည်တံ့အောင် အားလုံး ဝိုင်း ဝန်းထိန်းသိမ်းနိုင်ကြပါစေလို့ အင်းလေးကန်အတွင်းက တန်ခိုးကြီးမား၊ သပ္ပာယ်တင့်တယ်လှသော အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရားကို ဖူးမြော်ရင်း ဆုတောင်းလိုက်ရပါတယ်။