Nov 2, 2015

အစိမ်းရောင်ဈေးကွက်စီးပွားရေးကို ဖန်တီးခြင်း

သွေး(စစ်ကိုင်း)

ဂျပန်နိုင်ငံဟာ အစိုးရရော၊ ပုဂ္ဂလိကတွေကပါ ကမ္ဘာကြီးရဲ့ကုန်ထုတ်လုပ်မှုကို ဦးဆောင်နေတာဖြစ်သလို နည်းပညာနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေ ဂျပန်မှာရှိနေပါပြီ။  ဥပမာအားဖြင့် Goolge,  Amazon  တို့ပါ။



ဆန်ဟိုဆေးမြို့ The Tech Museum of Innovation အမည်ရှိ နည်းပညာပြတိုက်တွင် တွေ့ရသော လျှပ်စစ်ကား
 (ဓာတ်ပုံ - မိုးမခ


 ၂ဝဝ၈ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ထိပ်သီးညီလာခံက ကာဗွန်ထုတ်လုပ်မှုကို ၂ဝ၅ဝ ခုနှစ်မတိုင်မီ ထက်ဝက်လျှော့ချဖို့ သဘောတူထားပါတယ်။
          နည်းပညာတိုးတက်လာမှုနဲ့အတူ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့ အရေးကြီးလာပါပြီ။  နည်းပညာဟာ ဂေဟစနစ်နဲ့ ဇီဝမျိုးကွဲတွေကို ထိန်းသိမ်းပေးနိုင်တဲ့ နည်းပညာဖြစ်ဖို့ လိုပါတယ်။  စက်မှုတော်လှန်ရေးကာလ ကတည်းက စတင်ခဲ့တဲ့ အမြောက်အမြား ထုတ်လုပ်တာ၊ အမြောက်အမြား စုပုံတာတွေက အခုအခါ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပါတယ်။  ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးအခက်အခဲကိုသာမက တခြားပြဿနာတွေကိုပါ ရေရှည်ဖြေရှင်းနိုင်ဖို့ ဂျပန်က နည်းလမ်းတွေရှာဖွေ နေပါတယ်။

Mottainai  စိတ်ဓာတ်
          ဂျပန်ပြည်သူတွေဟာ ရှေးဦးမဆွကတည်းက ရိုးရာအစဉ်အလာအတိုင်း လူသားတွေဟာ သဘာဝက ဖန်တီးပေးတဲ့အရာတွေနဲ့ အတူယှဉ်တွဲနေထိုင်သဟဇာတ ဖြစ်ရမယ်လို့ ယုံကြည်ကြပါတယ်။  Edo ခေတ်ကာလ (၁၆ဝ၃- ၁၈၆၇) ကစပြီး အိမ်ဆောက်ပစ္စည်းကနေ ကီမိုနိုအထည်အထိ ပြန်လည်အသုံးပြုမှုတွေရှိခဲ့ပါတယ်။  နောက်ဆုံး ဘယ်လိုမှ အသုံးမပြုနိုင်တော့မှ မီးရှို့ပစ်တာ ပါ။  မီးရှို့ရာကထွက်လာတဲ့ပြာကိုတောင် ဓာတ်မြေဩဇာ အနေနဲ့ သုံးတာရှိပါတယ်။  အရာဝတ္ထုတစ်ခုကိုသုံးနိုင်တဲ့ အဆင့်ထိ အလဟဿမဖြစ်အောင်သုံးတာကို mottainai စိတ်ဓာတ်လို့ ခေါ်ဝေါ်တာပါ။
          အဲဒီလိုရိုးရာစိတ်ဓာတ်ဟာ ကမ္ဘာကြီးနဲ့ ခုထက်ထိ အံဝင်ခွင်ကျဖြစ်နေတာပါ။  ဘယ်နေရာမှာ ပိုလျှံစွမ်းအင်ရှိတယ်၊ ဘယ်လိုသုံးနိုင်တယ်ဆိုတာကို သတင်းအချက် အလက်တွေ စုဆောင်းဖြန့်ဝေပေးဖို့ လိုပါတယ်။  သတင်း အချက်အလက်တွေဖြန့်ဝေပေးနေတာက ကာဗွန်လျှော့ချ ရေးနဲ့ ဂေဟစနစ်ထိန်းသိမ်းရေးကို အထောက်အကူပြုနိုင်ပါတယ်။  သဘာဝပတ်ဝန်းကျင်၊ သတင်းအချက်အလက်နဲ့ ဘဏ္ဍာရေးကိစ္စတွေကို ကျွမ်းကျင်ပါးနပ်စွာကိုင်တွယ်ဖို့အချိန်ရောက်နေပါပြီ။  လူ့အဖွဲ့အစည်းအသစ်တစ်ခုကို ဖန်တီးရာမှာ ဖော်ပြပါအကြောင်းအချက် (၃) ခုက သက်ရောက်စေမှာဖြစ်ပါတယ်။

အစိမ်းရောင်ဈေးကွက်ကိုဖန်တီးခြင်း
          အစိမ်းရောင်ဈေးကွက်ကိုဖန်တီးခြင်းမှာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို တပြိုင်တည်း ထည့်သွင်းစဉ်းစားပါတယ်။  ဥပမာအနေနဲ့ ကားတွေကို မကြာခဏ ဓာတ်ငွေ့မဖြည့်ဘဲ ခရီးဝေးမောင်းနှင်ဖို့ အင်အားပြည်လည်ဖြည့်သွင်းနိုင်တဲ့ ဘက်ထရီကို သုံးတဲ့ကားတွေ အသုံးပြုလာတာက အဆင်ပြေပါလိမ့်မယ်။  ဒါဟာ ကိုယ့်အိမ်မှာကိုယ် ဖုန်းကိုအားသွင်းသလိုရိုးရှင်းပြီး လိုအပ်သလောက် ခရီးမိုင်အကွာအဝေးထိ ကားကိုမောင်းနှင်နိုင်ပါလိမ့်မယ်။  လျှပ်စစ်ကားတွေဟာ အင်ဂျင်စက်ရဲ့ ဆူညံမှု မရှိတာကြောင့် ကားမောင်းရင်း သဘာဝအသံတွေကို နားထောင်နိုင်ပါတယ်။
          များသောအားဖြင့် ဂျပန်က သစ်သားအိမ်တွေကို နှစ် (၃ဝ) အတွင်း ပြန်ဆောက်ဖို့လိုပေမယ့် နှစ် (၂ဝဝ) ကနေ နှစ် (၃ဝဝ) အထိ ကြာရှည်ခံတဲ့အိမ်တွေဆောက်ဖို့  စိတ်ကူးနိုင်ပါပြီ။  နောင်လာမယ့် မျိုးဆက်တွေအတွက် အချိန်ကာလနဲ့ လိုက်လျောညီထွေရှိတဲ့အိမ်တွေက လုံခြုံမှု ရှိစေမှာပါ။  လယ်ယာစိုက်ပျိုးရေးနဲ့ ဇီဝလောင်စာထုတ်လုပ်မှုကို ပေါင်းစပ်အသုံးချနိုင်ပါတယ်။
          သဘာဝပတ်ဝန်းကျင်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေ တဲ့ ထုတ်ကုန်တွေထုတ်လုပ်ဖို့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။

စမတ်ကျတဲ့ လျှပ်စစ်ကွန်ရက်စနစ်ဖြစ်နိုင်ချေ
          လတ်တလော လျှပ်စစ်ဖြန့်ဖြူးတဲ့စနစ်က လျှပ်စစ် ကုမ္ပဏီတွေရဲ့ ဓာတ်အားပေးစက်ရုံတွေကနေ ဖြန့်ဖြူးတာပါ။  စမတ်ကျတဲ့ လျှပ်စစ်ကွန်ရက်စနစ် (Smart Grid) ကတော့ နည်းပညာနဲ့ လျှပ်စစ်နည်းပညာတွေအသုံးချနိုင် အောင် ပံ့ပိုးပေးတဲ့ သန့်ရှင်းတဲ့စွမ်းအင်ဖြန့်ဖြူးမှုကို ဆိုလိုတာပါ။  စက်ရုံ၊ အလုပ်ရုံ၊ အိမ်တွေဟာ ဆိုလာပြား၊ လေရဟတ်၊ လောင်စာဆဲလ်တွေကနေ သန့်ရှင်းတဲ့စွမ်းအင်ကို အသုံးပြုနိုင်ပါတယ်။  ဒါ့အပြင် ပိုလျှံနေတဲ့စွမ်းအင်တွေကို စွမ်းအင်ချို့တဲ့တဲ့နေရာတွေကို ပြန်ရောင်းချနိုင်ပါတယ်။  လျှပ်စစ်လိုအပ်ချက်ကို တွက်ချက်ခန့်မှန်းနိုင်ဖို့ ကွန်ရက် စနစ်ရှိမှာလည်း ဖြစ်ပါတယ်။  စွမ်းအင်ပမာဏ ဘယ်လောက် အထိထုတ်လုပ်နိုင်မယ်။  စွမ်းအင်သုံးစွဲမှုပမာဏဘယ်လောက်အထိရှိမယ်၊ ကုန်ကျစရိတ် ဘယ်လောက်ရှိမယ်ဆိုတာကို စက်ကိရိယာတွေသုံးပြီး တွက်ချက်ရမှာပါ။
          ချက်ချင်းဆိုသလိုဆိုတော့ လက်ရှိသုံးနေတဲ့ အရာရာတိုင်းမှာ စမတ်ကျတဲ့လျှပ်စစ်ကွန်ရက်စနစ်ကို အစားထိုးနိုင်မှာမဟုတ်ပါဘူး။  ဒီကွန်ရက်စနစ်ကို လူထုကြား လက်ခံလာအောင် တဖြည်းဖြည်းနဲ့ မိတ်ဆက်ပေးရမှာပါ။  စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အသုံးပြုနေတဲ့ နည်းပညာနဲ့ စနစ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ လက်ဆင့်ကမ်းပေးရမှာ ဖြစ်ပါတယ်။  အရေးကြီးတဲ့အချက်ကတော့ စမတ်ကျတဲ့ လျှပ်စစ်ကွန်ရက်စနစ်မှာ "သန့်ရှင်းတဲ့စွမ်းအင်"ကိုပဲ အသုံးပြုတယ်ဆိုတာပါပဲ။  ရုပ်ကြွင်းလောင်စာတွေဟာ ရှားပါးတဲ့ စွမ်းအင်ရင်းမြစ်တွေဖြစ်ပြီး စက်မှုဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။  တခြားတစ်ဖက်က စဉ်းစားကြည့်ရင် နေရောင်ခြည်နဲ့ သဘာဝအတိုင်းတွေ့ရတဲ့စွမ်းအင်တွေဟာ လူတိုင်းအတွက် အကျိုးပြုနိုင်ပါတယ်။
          ကာဗွန်ဒိုင်အောက်ဆိုက်သိပ်သည်းဆလျှော့ချဖို့ ကြိုးစားနေတာဟာ ကမ္ဘာကြီးအနေနဲ့ သန့်ရှင်းတဲ့စွမ်းအင် တန်ဖိုးကို အသိအမှတ်ပြုလာရတဲ့သဘောပါပဲ။  စွမ်းအင်နဲ့ ပတ်သက်တဲ့ ပါရာဒိုင်းဟာ အရွေ့တစ်ခုဆီဦးတည်နေတာ သေချာနေပါတယ်။  အဆုံးမှာတော့ နေရောင်ခြည်နဲ့ သက်ရှိတွေရဲ့ ရာစုနှစ်ဟာ အသစ်တစ်ဖန်စတင်ပြီး လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ဖန်တီးတော့မှာပါ။
          အကျိုးဆက်အားဖြင့် နေရောင်ခြည်စွမ်းအင်သုံး စနစ်တပ်ဆင်ဖို့ အိမ်တွေ၊ ကျောင်းတွေ၊ အဆောက်အဦတွေမှာ လုပ်ဆောင်တာဟာ ငြိမ်းချမ်းတဲ့ဖြစ်စဉ်တစ်ခုပါပဲ။  လူ့အဖွဲ့အစည်းအတွင်း စွမ်းအင်အတွက် ကုန်ကျစရိတ်တွေ လျှော့ချနိုင်တာဟာ အကြမ်းဖက်ဝါဒ၊ ပဋိပက္ခနဲ့ စစ်ပွဲတွေကိုပါ လျှော့ချနိုင်ပါလိမ့်မယ်။

အစိမ်းရောင်ဈေးကွက်အတွက် အတူတကွအလုပ်လုပ်ခြင်း
          ဂျပန်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်နဲ့ စွမ်းအင် ထိန်းသိမ်းရေးမှာ နည်းပညာတွေဖွံ့ဖြိုးအောင် စွမ်းဆောင် နိုင်တဲ့ အတွေ့အကြုံကောင်းတွေ ရှိခဲ့ပါတယ်။  ခေတ်မီရှေ့ ပြေးတဲ့ သတင်းအချက်အလက်တွေ ရရှိဖို့လည်း ကြိုးစား ခဲ့ပါတယ်။  "အစိမ်းရောင်ဈေးကွက်" ရဲ့ အဓိကကျတဲ့ သဘောသဘာဝကတော့ စနစ်တွေပေါင်းစပ်ထားတဲ့ဈေးကွက်၊ အရေးပါတဲ့ပရောဂျက်တွေကို အမျိုးသားမဟာဗျူဟာ အဖြစ် ရည်ရွယ်တာတွေကို ဟန်ချက်ညီဖန်တီးထားတာပါပဲ။  ဂျပန်ရဲ့ရည်ရွယ်ချက်တွေကို ကမ္ဘာတစ်ဝှမ်းလုံးကဈေးကွက်နဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ အလွန် အရေးကြီးပါတယ်။
          "မူဝါဒလမ်းပြမြေပုံ" ရေးဆွဲဖို့ သတင်းအချက် အလက်စုဆောင်းခြင်းနဲ့ သုံးသပ်ခြင်းတွေ လုပ်ဆောင်နေ ပါတယ်။  ဂျပန်နဲ့ ပြင်ပနိုင်ငံတွေမှာရှိနေတဲ့ ကုမ္ပဏီတွေဟာ ဗဟုသုတ၊ ဥာဏ်ပညာနဲ့ သတင်းအချက်အလက်တွေကို အစိမ်းရောင်ဈေးကွက်ဆီ ဖြန့်ဝေပေးနိုင်မှာပါ။  အစိုးရတစ်ခုတည်းအနေနဲ့ အစိမ်းရောင်ဈေးကွက်ဖန်တီးဖို့ကတော့ အကန့်အသတ်တွေရှိပါတယ်။  ဒါကြောင့် ပုဂ္ဂလိကရော၊ အစိုးရပိုင်းကပါ ပါဝင်တဲ့ ဖိုရမ်တစ်ခုကို ဂျပန်ကရော၊ တခြားနိုင်ငံတွေကပါ ပူးပေါင်းကျင်းပဖို့ စီစဉ်ခဲ့ရတာပါ။  ဖိုရမ်ကနေ ယဉ်ကျေးမှု၊ လူမှုစနစ်၊ စီးပွားစီမံခန့်ခွဲရေး၊ နည်းပညာနဲ့ တခြားကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။  ဒီလိုကဏ္ဍပေါင်းစုံကို ကမ္ဘာတစ်ဝှမ်း အကောင်အထည်ဖော် နိုင်ရင် အားလုံးအတွက် အကျိုးရှိမှာပါ။
          ဖိုရမ်ကနေ အားလုံးပါဝင်ခြင်းအားဖြင့် မတူညီ ကွဲပြားတဲ့ အခြေအနေတွေကို ဘယ်လိုဖြေရှင်းသင့်သလဲ ဆိုတာ ဆွေးနွေးနိုင်ခဲ့ပါတယ်။  တစ်နည်းအားဖြင့်ပြောရရင် ဖိုရမ်ကနေ "အစိမ်းရောင်ဈေးကွက်" ဖန်တီးရေးကို ဆွေးနွေးတာဟာ ကွန်ရက်ဖြန့်ကြက်မှုပုံစံဆွေးနွေးခြင်းပဲ ဖြစ်ပါတယ်။  လူထုအနေနဲ့ သင့်လျော်မယ်လို့ သူတို့ ယုံကြည်တာတတွေကို လုပ်ဆောင်ဖို့ သဲလွန်စရှာပေးခဲ့တာလည်း ဖြစ်ပါတယ်။
          ဖိုရမ်ကျင်းပခြင်းနဲ့ အစိမ်းရောင်ဈေးကွက်ဖန်တီး ခြင်းအတွက် ဆောင်ပုဒ်ကတော့ "အတူတကွ" ပါတဲ့။  တိုသလောက် အဓိပ္ပာယ်ရှိတဲ့ဆောင်ပုဒ်ဖြစ်သလို ဂျပန်နဲ့ တခြားနိုင်ငံတွေက လူထုနဲ့ ပုဂ္ဂလိကကဏ္ဍကကိုယ်စားလှယ်တွေဟာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။  ဒီ "ရည်မှန်းချက်" ပေါက်မြောက် အောင်မြင်ဖို့အတွက် ကမ္ဘာကြီးက စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်ကြဖို့လည်း လိုအပ်နေပါတယ်။  ။



ကိုးကား - The Japan Journal မှ Maeda Yasuhiro ၏ ''Green Market Economics'' ဆောင်းပါး