Oct 25, 2015

ကမ္ဘာ့သဘာဝသစ်တောကြီးများ



မှိုင်း


"အတန်အသင့်ကျယ်ဝန်းသော သစ်ပင်များ ပေါက်ရောက်ရှင်သန်ရာ ရပ်ဝန်းဒေသတစ်ခုကို သစ်တောဟု (၉၉ ရာနှုန်းက) ယူဆထားကြသည်"

Photo - www.cifor.org
သစ်တောဆိုတာ ဘာလဲ
          လူအများစုကြီးက ဧက (၂,ဝဝဝ) သို့မဟုတ် ဧက (၃,ဝဝဝ)ခန့် ကျယ်ဝန်းသော သစ်ပင်များ ထူထပ် သိပ်သည်းစွာ ပေါက်ရောက်ရှင်သန်နေသည်ကို မြင်သည်နှင့် သစ်တောဟု သတ်မှတ်ခေါ်ဝေါ်လေ့ရှိကြသည်။  တစ်နည်းပြောရလျှင် အတန်အသင့်ကျယ်ဝန်းသော သစ်ပင်များ ပေါက်ရောက်ရှင်သန်ရာ ရပ်ဝန်းဒေသတစ်ခုကို သစ်တောဟု (၉၉ ရာနှုန်းက) ယူဆထားကြသည်။
          အမှန်တော့ ဤသို့မဟုတ်ပေ။
          သစ်တောကြီး၊ သစ်ပင်ငယ်၊ ခြုံပုတ်၊ နွယ်ပင်၊ ဇီဝမျိုးကွဲတိရစ္ဆာန်များ၊ ငှက်မျိုးစိတ်များ၊ တွားသွား တိရစ္ဆာန်၊ နို့တိုက်သတ္တဝါ၊ ကပ်ပါးမှို၊ အင်း၊ အိုင်၊ ချောင်း၊ မြောင်း၊ တောင်ကုန်း၊ တောင်တန်း၊ လွင်ပြင် အစရှိသည့် ဓာတုစွမ်းအင်ဆိုင်ရာ အရင်းအမြစ်များ၊ သစ်၊ ရော်ဘာ၊ စက္ကူ၊ ဆေးဖက်ဝင်အပင်များ၊ သဘာဝသယံဇာတ အရင်း အမြစ်များ၊ ထုထည် ကြီးမားစွာရှိသော ရပ်ဝန်းတစ်ခုကိုသာလျှင် သစ်တောဟု သစ်တောဂေဟပတ်ဝန်းကျင်စနစ် သတ်မှတ်ချက်များအရ ခေါ်ဆိုနိုင်မည်ဖြစ်သည်။
သစ်တောတွေ ဘာကြောင့်လိုအပ်သလဲ
          သစ်ပင်တွေကို ကမ္ဘာ့အဆုတ်များဟု ခေါ်ကြသည်။         
          အဘယ်ကြောင့်နည်း
          သစ်ပင်တိုင်းသည် လေထုထဲတွင်ပါရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး အောက်ဆီဂျင် ဓာတ်ငွေ့ကို ပြန်လည်ထုတ်လွှတ်ပေးလေ့ရှိသည်။  အရွယ်ရောက်ပြီး သစ်ပင်တစ်ပင်သည် လူ (၁၈)ဦးအတွက် လုံလောက်သော အောက်ဆီဂျင် ထုတ်လွှတ်ဖြန့်ဖြူးပေးနိုင်ကြောင်း ကမ္ဘာ့သစ်တောပညာရှင်များက ထုတ်ပြန်ထားသည်။
          ကမ္ဘာ့အပူပိုင်း မိုးသစ်တောဖြစ်သည့် အမဇုံ သစ်တော အပါအဝင် အာရှ၊ အာဖရိက သက်ရင့် အပူပိုင်း မိုးသစ်တောများ (Tropical rain Forest) တစ်စ၊ တစ်စ ပြုန်းတီးကုန်သောအခါ အလွန်များပြားလှသော ကာဗွန်ဒိုင်အောက်အဆိုဒ် ဓာတ်ငွေ့များ လေထုထဲသို့ လွင့်ပျံတက်သွားတော့သည်။  ထိုဓာတ်ငွေ့များ ထုထည် သိပ်သည်းစွာ ဖုံးလွှမ်းသောအခါ ဖန်လုံအိမ်တစ်ခုအတွင်းသို့ ရောက်ရှိနေသလို အဆမတန် ပူပြင်းခြောက်သွေ့လာတော့သည်။  ဝင်ရိုးစွမ်းဒေသများရှိ ရေခဲတောင်များ အရည်ပျော်ကျကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်။  ရေကြီးရေလျှံမှု၊ မြေပြိုကျမှု သဘာဝဘေး အန္တရာယ်များ အဆက်မပြတ် ဖြစ်ပေါ်စေနိုင်သည်။  
          သစ်တောများတည်ရှိခြင်းက ရေခမ်းခြောက်မှုကို ထိန်းသိမ်းပေးပြီး ရေ၏သန့်ရှင်းစင်ကြယ်သော အရည်အသွေးကိုလည်း စွမ်းဆောင်ပေးနိုင်သည်။  သစ်တောများ ဆုတ်ယုတ်သွားပါက ရေ၏အရည်အသွေးလည်း ဆုတ်ယုတ်သွားပြီး နောက်ဆုံးတွင် ရေအရင်းအမြစ်များလည်း ပျောက်ကွယ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။
          ဂေဟစနစ် (Ecosystem) နှင့် သစ်တောများသည် အပြန်အလှန် မှီတွယ်နေကြပြီး တိုက်ရိုက် အကျိုးသက်ရောက်မှုရှိကြသည်။  သစ်ပင်တို့၏ စိမ်းမြသောအရောင်က မျက်စိပသာဒကို ကြည်လင်ရှင်းသန့်စေပြီး သာယာလှပသောသဘာဝဝန်းကျင်ကိုလည်း ဖြစ်ပေါ်စေသည်။  သစ်တောထဲကို ဝင်ရောက်လိုက်သည်နှင့် လူတစ်ကိုယ်လုံး ပေါ့ပါးလက်ဆတ်စေသည်မှာ အစိမ်းရောင် မြင်ကွင်းများနှင့် အောက်ဆီဂျင်ဓာတ်ငွေ့များ ကြွယ်ဝ ပျံနှံ့နေသောကြောင့် ဖြစ်သည်။
          အထူးခြားဆုံးနှင့် သာယာလှပဆုံးအဖြစ် ကမ္ဘာတစ်လွှား၌ ကျော်ကြားနေဆဲ သစ်တောကြီးအချို့ ရှိပါသည်။

ဝှိုက်တ်မောင်းတိန်း အမျိုးသားသစ်တောကြီး
          အလှပဆုံးနှင့် လေ့လာချင်စရာအကောင်းဆုံး ဝိုက်တ်မောင်းတိန်း (Tshite Mountain) အမျိုးသား သစ်တောကြီးမှာ အမေရိကန် ပြည်ထောင်စုကြီးအတွင်း တည်ရှိပြီး တောင်ကြားချိုင့်ဝှမ်းနှင့် တောင်တန်းများပေါ်တွင် ထူထပ်သိပ်သည်းစွာ ပေါက်ရောက်လျက်ရှိသော သစ်ပင်ကြီးများ ဖုံးလွှမ်းလျက်ရှိသည်။
          ရှားပါးသော သစ်ပင်၊ နွယ်ပင်များ၊ ဇီဝမျိုးကွဲ တိရစ္ဆာန်များ၊ ရေတံခွန်များ၊ စမ်းချောင်းများ၊ အရွယ်အစား ကြီးမားလှသည့် ကျောက်တုံးကြီးများနှင့် ရင်သပ် ရှုမောဖွယ် သစ်တောကြီးဖြစ်သည်။  ထူးခြားဆန်းကြယ်ပြီး ပုံသဏ္ဌာန်မျိုးစုံရှိသော သစ်ပင်ကြီးများက ဒေသခံများ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည့် တစ်သက်မမေ့စရာ ရှုခင်းများဟု ခရီးသွားများက ဝမ်းမြောက်ဝမ်းသာ မှတ်ချက်ပြုကြသည်။

မတ်တွိန်းအမျိုးသား သစ်တောကြီး
          လှပဆန်းကြယ်သော သဘာဝရှုခင်းများကြောင့် ထင်ရှားကျော်ကြားနေသော မတ်တွိန်းအမျိုးသားသစ်တောကြီးသည် အမေရကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်ထဲ၌ ရှိသည်။  အော့ဇာတ်ခ်ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။
          ပန်းမျိုးစုံ၊ သစ်ပင်မျိုးစုံ၊ သစ်ခွအမျိုးအမည်ပေါင်းစုံ ရှိရုံမက စမ်းချောင်းများ၊ ရေအိုင်များ၊ မြစ်များ၊ လွင်ပြင်များ အရွယ်အစားမျိုးစုံ ရှိသည်။  ကျောက်တုံး၊ ကျောက်ခိုင်များနှင့် သက်တမ်းရင့် သစ်ပင်ကြီးများ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသည်။  
          သစ်တောအမည်ကို မစ်ဇူရီပြည်နယ်သား၊ မစ္စစ္စပီ မြစ်ကမ်းနံဘေးတွင် ကြီးပြင်းခဲ့သည့် ကမ္ဘာကျော် အမေရိကန် ဟာသစာရေးဆရာ  Mark Twain    အမည်ကို ယူပြီး မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။  မတ်တွိန်းမှာ အမေရိကန်သမိုင်း အကြောင်းပြောလျှင် ချန်လှပ်ထား၍မရသော တွမ်ဆောယား၏ စွန့်စားခန်းများ (The Adventures of Tom Sawyer)  ဂန္တဝင်ဝတ္ထုကြီး၏ ဖန်တီးရှင်ဖြစ်သည်။
         
ရက်ဒ်ဝုဒ်သစ်တောကြီး
          ကမ္ဘာပေါ်တွင် အမြင့်မားဆုံးနှင့် အကြီးဆုံး သစ်ပင်မျိုးစိတ်များရှိရာ သစ်တောများအနက် တစ်ခု ဖြစ် သည်။  အမြင့်ပေ (၃ဝဝ)ကျော်၊ လုံးပတ် (၂၆)ပေရှိ သက်တမ်းရင့် သစ်ပင်ကြီးများ အများဆုံးရှိရာ သစ်တော ကြီးဖြစ်သည်။  အပင်သက်တမ်းမှာ နှစ်ပေါင်း (၂,ဝဝဝ)ကျော်အထိ ရှိကြသည်။
          အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်၌ရှိပြီး အမြဲစိမ်းသစ်တောအမျိုးအစားဖြစ်သည်။ (Gaint Redwoosd Forest) ဟု နာမည်ကျော်ကြားသည်။  အကြီးမားဆုံး သစ်ပင်ကြီးမှာ နီညိုရောင်အဆင်းရှိပြီး အခေါက်မှာ (၁၁)လက်မခန့်အထိ ထူသည်။
         
ကလောက်ဒ်သစ်တောများ
          မြင့်မားမတ်စောက်သော တောင်ပေါ်ဒေသများရှိ သစ်တောများကို စုရုံး၍ ကလောက်ဒ်သစ်တောများ (Cloud Forests) ဟုခေါ်ဆိုခြင်းဖြစ်သည်။  မိုးသားတိမ် တိုက်ထဲရောက်လုမတတ်မြင့်မားသော တောင်ပေါ်သစ်တောများဟု ဆိုနိုင်ပါလိမ့်မည်။  အာရှဒေသနှင့် အမေရိကန် အလယ်ပိုင်းတို့တွင် အများဆုံးတည်ရှိသည်။  ဇီဝမျိုးကွဲအများဆုံးတွေ့နိုင်သည်။  တစ်နှစ်ပတ်လုံး မြူနှင်းများ ဝေဆိုင်းနေတတ်သည်။
          ကလောက်ဒ်သစ်တောတည်ရှိရာ အနီးပတ်ဝန်း ကျင်ဒေသတို့၏ ရေအရင်းအမြစ် (၄ဝ)ရာနှုန်းကို ဤ သစ်တောကြီးများမှရရှိသည်။  ဖန်လုံအိမ်ဓာတ်ငွေ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ဆုံးဒေသများအဖြစ် ကျော်ကြားလှသည်။
          ဂွာတီမာလာနိုင်ငံတွင် ကလောက်ဒ်သစ်တောများမှ တွေ့ရှိခဲ့သည်။  အနီရောင်နှင့် အစိမ်းရောင် အမြီးရှည်ငှက်များကို နိုင်ငံတော်၏ အထိမ်းအမှတ် သင်္ကေတအဖြစ် တရားဝင်သတ်မှတ်ထားသည်။  ယခုအခါ ထင်းမီးလောင်စာအဖြစ်လည်းကောင်း၊ အိမ်ဆောက်လုပ်ရန်အတွက် လည်းကောင်း၊ သစ်ခိုးထုတ်မှုများ အစိုးရ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ညံ့ဖျင်းမှုကြောင့် လည်းကောင်း ဂွာတီမာလာနိုင်ငံသည် သစ်တော ပြုန်းတီးမှု ဖြစ်ပေါ်လျက်ရှိသည်။  သစ်တောများ ပြန်လည် ပြုစုပျိုးထောင်ရေး နိုင်ငံတော်၏ သင်္ကေတ အမြီးရှည် ငှက်များ မျိုးမသုဉ်းစေရေးကို အဓိကဦးစားပေးအဖြစ် ဆောင်ရွက်နေပြီဖြစ်သည်။

ရှားဝုဒ်သစ်တောကြီး
          အင်္ဂလန်နိုင်ငံ၏ တောင်ပင်လယ်သစ်တောကြီး ဖြစ်သည်မှာ နော့တင်းဂမ်ရှိုင်းယားပြည်နယ်ရှိ ရှားဝုဒ် သစ်တောကြီး (Sherwood Forest) သမိုင်းဝင် အင်္ဂလန် ရိုးရာပုံပြင်ထဲမှ လူစွမ်းကောင်း ရော်ဗင်ဟုဒ် ခိုလှုံနေထိုင် ကျက်စားရာအဖြစ် အင်္ဂလိပ်လူမျိုးများက သိမှတ်ထား ကြပြီး ကျော်ကြားနေခြင်းဖြစ်သည်။
          ယနေ့အထိ ကျော်ကြားနေဆဲဖြစ်သည့် ရှားဝုဒ် သစ်တောကြီးသည် ယခင် သစ်တောကြီး၏ ကြွင်းကျန် သော အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်သည်။  ဗြိတိန်နိုင်ငံ ဘီအီးစီ ရုပ်မြင်သံကြားမှ ရော်ဗင်ဟုဒ် ဇာတ်လမ်းတွဲများကို ၂ဝဝ၆ ခုနှစ်က ပြန်လည်ထုတ်လွှင့် ပြသပေးခြင်း ရော်ဗင်ဟုဒ် ရုပ်ရှင်ဇာတ်ကားကြီးများ ပြန်လည် ရိုက်ကူးလာကြခြင်းကြောင့် လူတွေ၏ အမေ့ခံ ရှားဝုဒ်သစ်တောကြီး တစ်ရှိန်ထိုး ကျော်ကြားလာပြန်ကာ နှစ်စဉ် ကမ္ဘာလှည့် ခရီးသည် (၂)သန်းခန့် လာရောက်လည်ပတ်နေကြသည်။  
          ရှားဝုဒ်သစ်တောကြီးမှာ ၄၂၃ ဟတ်တာ (၁.၆၃) စတုရန်းမိုင် ကျယ်ဝန်းလေသည်။

အင်လဲန်ဒ်မုတ်သုန်သစ်တောကြီး
          ကုန်းတွင်းပိုင်း အလယ်အလတ်အရွယ်အစားရှိသော သစ်တောကြီးများကို ခေါ်တွင်ခြင်းဖြစ်သည်။  ကမ္ဘာ့သားရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည်။  အင်လဲန်ဒ် မိုးသစ်တောခေါ် မုတ်သုန်သစ်တောကြီး (Island Rain Forest) တစ်ခုမှာ ပရင့်ဂျော့စ်မြို့အနီးရှိပြီး မိုင်ပေါင်း (၆ဝ)ကျော် ကျယ်ဝန်းသည်။  ထိုသစ်တောကြီးအတွင်း၌ သက်တမ်းအရင့်ဆုံး အပင်ကြီးများ၊ ဇီဝမျိုးကွဲ သတ္တဝါများ အကြွယ်ဝဆုံး တွေ့နိုင်သည်။  
          ဒေသတွင်းလူတို့၏ ဖျက်ဆီးခြင်း လုံးဝမခံရသေးသော ရှားပါးသစ်ပင်ကြီးဖြစ်သည်။  နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိသော ရက်ဒ်ဆီဒါ (Red Cedar) ထင်းရှူးပင်များ ထောင်ပေါင်းများစွာရှိကြလေသည်။

ဂရိတ်ဘဲရ်မုတ်သုံသစ်တောကြီး
          လူတို့၏ ခုတ်လှဲဖျက်ဆီးခြင်း လုံးဝမခံရဖူး သေးသည့် ရှားပါးသစ်တောများအနက် အကြီးမားဆုံး သစ်တောကြီးဖြစ်သည်။  (Great Bear Rain Forest) မှာ ကနေဒါ အအေးပိုင်းဇုန် မုတ်သုန်သစ်တောကြီးဖြစ်သည်။  ဗြိတိသျှကိုလံဘီယာ ကမ်းရိုးတန်း မန်ကူးမားကျွန်း နှင့် အမေရိကန်ပြည်နယ် အလာစကား အရှေ့တောင်ပိုင်း အကြား၌ရှိသည်။  ဝက်ဝံညိုများ၊ ကျားသစ်များ၊ မိကျောင်းများ၊ ကြံ့များ၊ ဝက်ဝံနက်များအပါအဝင် သားရိုင်းတိရစ္ဆာန် မျိုးစိတ်ပေါင်း ရာပေါင်းများစွာ ကျင်လည် ကျက်စားကြသည်။  ပေ (၃ဝဝ)ကျော်မြင့်သော ဆစ်ကာစပရူး (Red Cedar) ထင်းရှူးပင်များ ဖုံးလွှမ်းနေသည်။
          အကျယ်အဝန်း စတုရန်းမိုင်ပေါင်း (၂ဝဝçဝဝ) ကျော်ရှိသော ကမ္ဘာ့အကြီးမားဆုံး သစ်တောကြီးများ အနက် တစ်ခုဖြစ် ည်။
          ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးရှိ သစ်တောများ ပျက်စီးဆုံးရှုံးခြင်း ဘေးအန္တရာယ်မှ ကာကွယ်တားဆီးရန် ကုလသမဂ္ဂ လက်အောက်ခံ သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကာကွယ် စောင့်ရှောက်လျက် ရှိသည်။  သို့သော် သစ်တောများ အနီးဝန်းကျင်မှ ဒေသခံများ၏ ကာကွယ်စောင့်ရှောက်မှုက ပို၍ အရေးပါလေသည်။  သစ်တောအတွင်းမှ သက်ရင့်သစ်ပင်ကြီးများကို ခုတ်လှဲရောင်းချခြင်း၊ တရားဝင် သစ်ခုတ်ထုတ်လုပ်ခြင်းတို့က သစ်တောကြီးများကို လျင်မြန်စွာ ပျက်စီးဆုံးရှုံးစေပြီး တောင်ကတုံးများ၊ သဲကန္တာရများ ဖြစ်ပေါ်စေတော့သည်။  သက်ဆိုင်ရာနိုင်ငံအစိုးရ၏ သဘာဝပတ်ဝန်းကျင် အရင်း အမြစ်များအပေါ် ညံ့ဖျင်းသော စီမံခန့်ခွဲမှုကလည်း အရေးပါသောအကြောင်းရင်းတစ်ရပ်ဖြစ်လေသည်။
          ထို့ကြောင့် လက်ရှိ ကမ္ဘာတစ်လွှားတွင် ရှင်သန်ပေါက်ရောက်နေသည့် သစ်တောကြီးများတည်ရှိရာ နိုင်ငံများကိုကြည့်လျှင် ချမ်းသာသော နိုင်ငံများ၊ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းက ရွေးချယ်တင်မြှောက်သည့် ဒီမိုကရက်တစ် အစိုးရများ အုပ်ချုပ်သောနိုင်ငံတွေချည်းပင်။

          ဒီမိုကရက်တစ်အစိုးရဖြစ်လေတော့ ထင်ရာစိုင်းခွင့် မရှိခြင်းကလည်း သစ်တောများ၏ အနာဂတ်ကို ပိုမိုသက်တမ်းရှည်စွာ လှပနေစေခြင်းဖြစ်နိုင်ပါသည်။