Nov 18, 2017

ပုဂ္ဂလပျောက်ဆုံးမှု အမှတ်အသား




မီးခလုတ်ကိုဖွင့်တော့ ပိုပိုပြီး အမှောင်ထဲ ရေတွေပန်းထွက်ပေါ့
ဆံရှည်ကြီးကို သတ်ဖြတ်ဖို့ ကြိုးစားတော့
ဘီရိုအောက်ကပင့်ကူ
ငါ့အသားကိုစားဖို့ စောင့်နေတော့တယ်
သူ့အမွေးကြီးတွေဟာ ရေခဲတွေရဲ့ထုထည်အတိုင်း
မမြင်ရပေမဲ့ ဒါကိုတော့ ကောင်းကောင်းကြီးပြောနိုင်ပါတယ်
အရင်ကဆို အမေဟာ ဆံပင်တွေဖြတ်ပစ်ပြီး ဆန်အိတ်တွေဝယ်လို့
အဲဒီတုန်းက ဆံပင်တုံးတိနဲ့ အမေ့ပုံဟာ ရုပ်ဆိုးတယ်လို့ ထင်ခဲ့ပါတယ်
အခုတော့လည်း နောက်တစ်မျိုးပြောင်းသွားပြန်တာပဲ
နောင်များလည်း နောက်တစ်မျိုးထပ်ပြောင်းဦးမယ်
ဒါကိုတော့ သေချာပါတယ်
ငါ တဖြည်းဖြည်း စမ်းလျှောက်သွားတယ်
ရေဟာ ဆံပင်တွေကြားကနေ မျက်နှာ ဗိုက် တဖြည်းဖြည်းရွေ့
ဟုတ်တယ် ကတ်ကြေးတစ်ခုဖြစ်ဖြစ် ရှာခြင်းပါ
နောက်တော့ အခန်းရဲ့ ကုတင်အောက်မှာ တွေ့တယ်
ညအိပ်အင်္ကျီအဝတ်ပေါ်မှာ ချုပ်ရာတွေနဲ့
ကောက်ကိုင်လိုက်တော့ မီးခလုတ်ဖြစ်နေပြန်တယ်
ငါ ဖိချလိုက်တယ်
ငါ ဆံပင်တွေမရှိတော့ဘူး ငါဖြတ်ပစ်လိုက်တဲ့ဆံပင်တွေလည်း မရှိတော့ဘူး
အဲဒါ ဘယ်မှာလဲ
ရေတွေကတော့ ပန်းထွက်နေတုန်းပဲ
ငါ ငေးမိတယ် ငါ တတ်နိုင်တာ ဒါပဲ။     ။

    ဆလိုင်းမြတ်နိုးသူ


အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ

Nov 10, 2017

လေးမှန်ဖူးတဲ့ တောင်ပံအိုမှာ ခုထိ သွေးစိုနေတုန်း


စကတည်းက မြစ်လိုကောက်တော့
အဆုံးကလည်း မြားလို မဖြောင့်ဘူး
တောင့်တဆဲ အိပ်မက်ဟာ
အသိုက်ပျက်ငှက်လို အိပ်တန်းပျောက်တယ်
ဆားပေါက်နေတဲ့ချွေး ...မွှေးနိုင်ပါ့မလားကွယ်။

တောင်ပေါ်က တိမ်ပန်းတွေ
အိပ်ခန်းထဲ အဆုပ်လိုက် အဆုပ်လိုက် ပွင့်လည်း
ခူးဆွတ်ခွင့်မကြုံတဲ့ မျှော်လင့်ချက်
အပုပ်အသိုးတွေ
ထုပ်ပိုးသိမ်းဆည်းထားရတဲ့
ကာလအလျား ရှည်မျောမျောမှာ
'လ' ရထားက စက်ခေါင်းပျက်လို့
အမှောင်နက်နက်ထဲ ဆူးတောတိုးရင်း
ခေါက်ရိုးကျိုးသီချင်းကို တီးခတ်ဖို့
ငှားထားတဲ့ ဂီတာက ကြိုးပြတ်နေသေး။

ဘယ်သူတွေ ဘာပြောပြော
'ယောနိသော မနုဿီကာယ' နဲ့
အနာတရတွေကို ပန်းလိုသိမ်း
အရင်းနှီးဆုံးသူစိမ်းရဲ့
အစိမ်းရောင် အရင်းအနှီးဟာ
တန်ဖိုးကြီးလက်ဆောင်။ ။

စိုးမြင့်စိုး (ကျောက်ပန်းတောင်း)


အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ

Nov 7, 2017

ထာဝရကုသိုလ်များ



သခွား မုန်လာ ဖရုံ အာလူး
ပဲ ပြောင်း ဘူး နှမ်း ခရမ်း ဂေါ်ဖီ
ရာသီအလိုက် စားပင်စိုက်ပါ။

မန်ကျည်း ကုက္ကို ညောင်ညိုတမာ
အဝေရာနှင့် ပိတောက်ဆင့်လျက်
သရက် ထနောင်း အရိပ်ကောင်းမို့
ရေလောင်းပေါင်းသင် အပင်ချပါ။

ရဟန်းရှင်လူ လွယ်ကူသွားလာ
စိတ်ချမ်းသာကြောင်း လမ်းဟောင်းပြင်ထား
တံတားခင်းလျက် ကုသိုလ်ဆက်ပါ။

တစ်နယ်ရပ်ခြား ခရီးသွားနှင့်
အများသူတွေ အမောပြေဖို့
သောက်ရေစင်မှု ဒါနပြုပါ။

ကိုယ့်ရပ်ဒေသ စိမ်းစိုမြ၍
လှပစေရန် ရေကန်ရေတွင်း
တူးဖော်ခြင်းနဲ့ ဖြည့်ဆည်းခဲ့ပါ။

ထေရဝါဒ ရှေ့ဆောင်ပြလို့
ဘဝအမြတ် ဇရပ်တန်ဆောင်း
ကျောင်းဆောက်လှူဒါန်း စိတ်ရွှင်လန်းပါ။


မောင်ကျော်သန်း (အာ.တီ.စီ)

အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ

Nov 6, 2017

ငါတို့ရောက်ခဲ့တဲ့ နေရာ




တောင်ပြိုပြီး တောပျောက်တာလည်း
သဘာဝပတ်ဝန်းကျင်ပျက်စီးတာပဲ
ကမ်းပြိုပြီး လမ်းပျောက်တာလည်း
သဘာဝပတ်ဝန်းကျင်ပျက်စီးတာပဲ
ပြည့်ဝမ်းပေါက် အဖာတစ်ရာနဲ့ ခရီးရောက်ဖို့
ဖောက်ထားတဲ့သမိုင်းကို ချောင်းကြည့်တော့ ... ၊။

အတွေ့အကြုံရတာလား၊ နောင်တရစရာလား
စီးပွားရေးဈေးကွက်မှာ သစ်ပင်တွေသက်ဆိုးမရှည်သလို
စီးပွားရေးဈေးကွက်မှာ တောင်တွေ သက်တမ်းမရှည်သလို
လေပြင်းတိုက်လို့ အကာအကွယ်မရခြင်းက သံဝေဂယူစရာပဲ။

သဟဇာတလိုလို၊ သမစိတ္တလိုလိုနဲ့
မြင်မြင်သမျှ အပြောင်ရှင်းခဲ့ကြတာ ကျူငုတ်နဲ့တဲစုတ်
ကြေးနီထုတ်တဲ့အရပ်မှာ
ဘဝအတွက် ခုခံနေခြင်းက ပြစ်မှုကျူးလွန်ရာရောက်သတဲ့လား။

ဒီရေတောဟာ အမေ့လျော့ခံ သတ္တဝါလေးတွေရဲ့ ခိုနားရာ
အသိုက်ဆောက်စရာထက် ခြေချစရာမရှိတဲ့အရပ်မှာ
ငှက်ဖြစ်ခြင်းက ဝဋ်ြွေကးတစ်မျိုးပဲလို့ တွေးနေမလား။

ဟိုတုန်းက စိမ်းလန်းတဲ့ရင်ခွင်
ခုတော့ ထိခိုက်နာကျင်စွာ တဆစ်ဆစ်ကိုက်ခဲတဲ့မြစ်ပြင်
ဧရာဝတီကို အရှင်လတ်လတ်သတ်ဖို့ လျှော့ဈေးနဲ့အကွက်ဆင်
တံငါရဲ့သံယောဇဉ်က အသက်နဲ့ကာကွယ်ဖို့
 မြို့ပြရဲ့လမ်းပေါ်မှာ သူ့ဘဝကိုသွန်ချပြီး မြစ်အခွင့်အရေးကို တောင်းဆိုတယ်။

အခုတော့ သယံဇာတကျိန်စာမှာ စိတ်ဝမ်းတွေကွဲလို့
အခုတော့ အလိုရမ္မက်မှာ ငြိမ်းချမ်းရေးတွေလွဲလို့
အမုန်းတရားမှာ ငါတို့အသက်တွေ အဖိတ်အစင်များခဲ့ကြတယ် သူငယ်ချင်း။ ။


    နေဘုဏ်းဝေ

အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ

Nov 1, 2017

တိတ်ဆိတ်


ဘာမှဝင်မပြောနိုင်ဘူး
ငိုပြီး
ဘာမှဝင်မပြောနိုင်ဘူး
သစ်ရွက်တြွေေကလွန်း
ဘာမှဝင်မပြောနိုင်
ရယ်မိ
ဘာမှဝင်မပြော
မပျော်ရွှင်တော့တာ
ဘာမှမဝင်
မှတော့
သေရန်ပြင်
ဘာမှမဘာ
ဟာကွာ
လူကို လူတွေကနှိပ်စက်ကြပြန်ပြီ
ဘာ
တိတ်တိတ်လေးနေတာ
 ကြားနေတာ
ကမ္ဘာကို သေစေခဲ့ ကြာပြီ။ ။

မြတ်ဝေ