လှိုင်မြတ် ~
"ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မြို့ပြက စွန့်ပစ်တဲ့အညစ်အကြေးတွေကို စနစ်တကျ မစီစဉ်နိုင်လို့ မြို့ကြီးတွေအောက် မြစ်ကြောင်းတစ်လျှောက်နေလာကြတဲ့ လူတွေအတွက် အညစ်အကြေးသန့်စင်ဖို့ ပြဿနာဟာ ဧရာမပြဿနာကြီးဖြစ်လို့နေပါတယ်။ ဒီပြဿနာကို တစ်နည်းနည်းနဲ့ ရှင်းနိုင်ရင်ရှင်း၊ မရှင်းနိုင်ရင်တော့..."
(Photo: Radanar Ayar Rural Development Association)ရေရာမှုကို ကိုင်တွယ်ခြင်း
"ရာသီဥတုဆိုတာ သင်မျှော်လင့်ပြင်ဆင်ထားတာ၊
မိုးလေဝသဆိုတာကတော့ သင်တကယ်ရင်ဆိုင်ကြုံတွေ့ရတာ" ဆိုတဲ့ အနောက်တိုင်းဆောင်ပုဒ်တစ်ခုရှိပါတယ်။
ဒီဆိုရိုးကို သိပ္ပံစိတ်ကူးယဉ်စာရေးဆရာ ရောဘတ်ဟိန်းလင်းက
၁၉၇၃ ခုနှစ်လောက်မှာ ပြောခဲ့တာဖြစ်ပါတယ်။ မိုးလေ
ဝသပညာရှင်တွေကိုရည်ရွယ်ပြီး ဒီဆိုရိုးနဲ့ တင်စားပြောဆိုမှုတွေလည်း လုပ်ကြလေ့ရှိပါတယ်။
လူတွေက နေ့စဉ်နေ့တိုင်း လိုလို မိုးလေဝသအကြောင်းကိုပဲ
စိတ်ပူလေ့ရှိကြတယ်။ ဒီနေ့ အနွေးထည်ယူသွားရမလား။
လိုရမယ်ရ ထီးယူသွားရင်ကောင်းမလား ဆိုတာမျိုးကနေ
ဒီတစ်ပတ်အတွင်း ပျိုးပင်တွေအတွက် မိုးရေများရပါ့မလား ဆိုတာမျိုးအထိပေါ့။
မိုးလေဝသဆိုတာ အပြောင်းအလဲမြန်တယ်။ အခုနေပူနေရာကနေ ဗြုန်းခနဲ သည်းကြီးမည်းကြီး မိုးရွာချနိုင်တယ်။
ဒါပေမဲ့ ရာသီဥတုဆိုတာကတော့ မိုးလေဝသလို တစ်နေ့ချင်း၊
တစ်ပတ်ချင်း ပြောင်းလဲနေတဲ့အပြောင်းအလဲကို ဆိုတာမဟုတ်ဘူး။ ပုံမှန်လည်ပတ်နေတဲ့ သံသရာ စက်ဝန်းကြီးပဲဖြစ်တယ်။
များသောအားဖြင့် နှစ်အလိုက်ပြောလို့ရတယ်။ ရာသီဥတုဖြစ်စဉ်ကြီးတွေဟာ တစ်နှစ်ဆိုတဲ့ ကာလအပိုင်းအခြားထက်
အများကြီးပိုရှည်တဲ့ အချိန် သံသရာစက်ဝန်းအတိုင်း လည်ပတ်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီနေ့မိုးရွာမယ်၊ မရွာဘူး မသေချာပေမဲ့ မုတ်သုံကတော့
သူ့အချိန်နဲ့သူ ရောက်လာတာပဲမဟုတ်လား။ နည်းနည်းနောက်ကျတာ၊
စောတာမျိုးရှိနိုင်ပေမဲ့ ကာလ အပိုင်းအခြားကို ဆန့်ကြည့်ရင် မုတ်သုံဆိုတာ အချိန်မှန်တယ်လို့
ပြောလို့ရတယ်။ ဒါကြောင့် ရာသီဥတုဟာ လူတွေရဲ့
ရေရှည်မျှော်မှန်းပြင်ဆင်မှုတွေနဲ့ ပိုသက်ဆိုင်တယ်။ ဥပမာ ဗဟိုထိန်းချုပ်လေအေးပေးစနစ်ကို တပ်ဆင်ရတော့မလား။
ဒီတောင်ကြားမှာ လူနေအိမ်ရာတွေတည်ဆောက်ဖို့
သင့်လျော်ရဲ့လား။ ဒီတိုင်းပြည်ဟာ ကိုယ့်ရိက္ခာကိုယ်
ဖူဖူလုံလုံ ထုတ်လုပ်နိုင်ပါ့မလား ဆိုတာမျိုးတွေဟာ ရာသီဥတုနဲ့ သက်ဆိုင်တဲ့ ရေရှည်မျှော်မှန်းပြင်ဆင်စဉ်းစားချက်တွေ
ဖြစ်ပါတယ်။
ဒါပေမဲ့ အချက်အလက်တွေက သိပ္ပံဝတ္ထုတွေထက် ပိုပြီး
ထူးထွေသည့်အံ့ဖွယ်ရာ မမျှော်လင့်ထားတာတွေ ဖြစ်နေတဲ့ ယနေ့ကာလမှာတော့ အခုလိုလူတွေရဲ့
ကြိုတင် မျှော်မှန်းပြင်ဆင်ထားတာတွေအားလုံးကို ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုက အချည်းနှီးဖြစ်သွားစေပါတယ်။
ဒီတော့ နေ့စဉ်မိုးလေဝသအစိုးမရတာလောက်ကို မေ့လိုက်ပေတော့။
လူတွေရဲ့အဖြစ်က ဘယ်လိုရာသီဥတုမျိုးကို ကြုံတွေ့ရမယ်
ဆိုတာမျိုးကိုတောင် ဘယ်လိုမှ ခန့်မှန်းလို့မရနိုင်တော့တဲ့ အခြေအနေမျိုးကို ဆိုက်ရောက်လို့နေပြီ
ဖြစ်ပါတယ်။
မိုးလေဝသနဲ့ ရေရှည်ရာသီဥတုအခြေအနေ နှစ်မျိုးစလုံးကို
စောင့်ကြည့်တိုင်းတာနိုင်တဲ့ အကောင်းဆုံး အညွှန်းတစ်ခုကတော့ လူတွေရဲ့ မရှိမဖြစ် 'ရေ'
ပဲ ဖြစ်ပါတယ်။ ဖာရိုဘုရင်ခေတ် အီဂျစ်ပြည်မှာကတည်းက
ဘုန်းတော်ကြီးတွေကို နိုင်းမြစ်ရေ အနည်းအများနဲ့ ရေစီးကြောင်းအခြေအနေကိုကြည့်ပြီး ဒီနှစ်အတွက်
အခွန်တော်ဘယ်လောက် သတ်မှတ်သင့်တယ်ဆိုတာမျိုးကိုပါ
တွက်ချက်အကြံပြုခဲ့ ကြတယ်လို့ဆိုတယ်။ (အဲဒီခေတ်တုန်းက
မိုးလေဝသပညာ ရှင်ရယ်လို့မရှိဘဲ လောကဓာတ်ပညာကိုတတ်တဲ့ ဘုန်းကြီးတွေက ဒီကိစ္စတွေကို ဆောင်ရွက်ကြရတယ်)။
မြစ်ရေ တိုးအလျော့နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့အထွက်နှုန်းက
တိုက်ရိုက်ချိတ်ဆက်နေတာဆိုတော့ ဒီကမှတစ်ဆင့် အခွန်တော်ငွေ ဘယ်လောက်စည်းကြပ်လို့ရနိုင်တယ်ဆိုတာကို
ခန့်မှန်းတွက်ချက်ကြတာဖြစ်တယ်။
သူတို့ရဲ့မှတ်တမ်းတွေဟာ သဘာဝလောကကြီးကို
မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့တဲ့အထဲမှာ သက်တမ်းရှည်ကြာ အတည်မြဲဆုံးတွေဖြစ်ပြီး၊ ရှေးအကျဆုံး
မိုးလေဝသပညာသမိုင်းလည်း ဖြစ်ပါတယ်။ သူတို့ရဲ့မှတ်တမ်းမှတ်ရာတွေအရ
ရာသီဥတုနဲ့ပတ်သက်ရင် တစ်နှစ်နဲ့တစ်နှစ်၊ တစ်ရာသီနဲ့ နောက်တစ်ရာသီ မတူညီဘဲ ပြောင်းလဲမှုအမြဲ
ရှိနေတယ်ဆိုတဲ့အချက်ကသာ အမြဲမှန်ကန်တဲ့ နိယာမတရား ဖြစ်တယ်ဆိုတာကို ဖော်ပြနေတယ်။ ရာသီတစ်ခုဟာ နောက်ရာသီနဲ့တူတယ်ဆိုတာ ဘယ်တုန်းကမှ
မရှိခဲ့ဘူး။ မိုးခေါင်တာပဲဖြစ်ဖြစ်၊ ရေကြီးတာပဲဖြစ်ဖြစ်
တစ်ခါနဲ့တစ်ခါ ဘယ်တော့မှ ချွတ်စွပ်မတူပြန်ဘူး။ အီဂျစ်သင်္ချာပညာရှင်တွေကိုယ်တိုင်က နိုင်းမြစ်ရေအတက်အကျနဲ့
ပတ်သက်တဲ့ မှတ်တမ်းတွေကတစ်ဆင့် သင်္ချာမှာ အလွန်အရေးပါတဲ့ ကျပန်းသဘောတရားကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ရေမျက်နှာပြင်အနိမ့်အမြင့်နဲ့ ရေစီးရေလာသဘောကို
ရာစုနှစ်နဲ့ချီပြီး သဘောပေါက်နားလည်ခဲ့တဲ့ အတွေ့အကြုံကိုအခြေခံပြီး ရာသီဥတုနဲ့ပတ်သက်လို့
ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာကို ရေအရင်းအမြစ်စီမံခန့်ခွဲသူတွေ နားလည်သဘောပေါက်လာကြတာဖြစ်ပါတယ်။
ဒါပေမဲ့ အခုတော့ သူတို့ နှစ်ရာချီပြီး ရင်းနှီးကျွမ်းဝင်ခဲ့တယ်
လို့ ထင်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုပုံစံတွေဟာ တကယ်တမ်း သူတို့ တောက်လျှောက်ကိုင်စွဲလာခဲ့တဲ့
စဉ်းစားပုံတွေကို ပြန်စဉ်းစားဖို့ စိန်ခေါ်လာတဲ့ အခြေအနေကို မိုးလေဝသ ပညာရှင်တွေ ကြုံတွေ့လာရပြီ
ဖြစ်ပါတယ်။
ရေသံသရာနဲ့ ကမ္ဘာကြီးပူနွေးလာမှု
လက်ရှိခန့်မှန်းတွက်ချက်မှုတွေအရ ကမ္ဘာကြီး
ပူနွေးလာမှုဟာ ရာစုနှစ်အကုန် ၂၁ဝဝ မှာ နှစ်ဒီဂရီဆဲလ် ဆီးယက်ကနေ လေးဒီဂရီဆဲလ်ဆီးယပ်အထိရှိမယ်လို့
ဆိုထားတော့ ဒီလောက်ကလေးနဲ့တော့ သိပ်မထူးဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ အဲဒီလေထုပူနွေးလာမှုရဲ့ သက်ရောက်မှုဟာ ရေသံသရာစက်ဝန်းဖြစ်စဉ်နဲ့
ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အကျိုးဆက်တွေ ပိုမိုတိုးပွားလာစေမယ့် အကြောင်းများစွာရှိနေပါတယ်။
လက်ရှိကမ္ဘာ့ပျမ်းမျှအပူ ချိန် ၁၅ ဒီဂရီစင်တီဂရိတ်မှာ
ရေခဲ၊ အရည်နဲ့ ရေငွေ့စတဲ့ ရေရဲ့ပုံစံအမျိုးမျိုးတို့ ယှဉ်တွဲတည်ရှိနိုင်ကြတယ်။ အပူချိန် ပိုမိုလာမှုကြောင့် ပိုထွက်လာမယ့်စွမ်းအင်တွေက
ဒီလက်ရှိ ဟန်ချက်ကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေနိုင်တယ်။
အီကွေတာမုန်တိုင်းတွေလို မိုးလဝသဖြစ်စဉ်တွေ
အကြိမ်အရေအတွက် ပိုများလာမယ်။ မိုးရွာသွန်းမှုဟာ
ပိုပြင်းထန်လာမယ်။ တစ်ချိန်တည်းမှာပဲ ကျန်နေရာတွေမှာတော့
မိုးရေချိန်ဟာ ပျမ်းမျှအောက်ကို လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ ကြုံရနိုင်တဲ့ ရေလွှမ်း မိုးမှုတွေဟာ
ယနေ့ကာလထက် ပမာဏပိုများပြားပြီး ဖြစ်ပွားတဲ့အကြိမ်ရေရော အဖျက်စွမ်းအားပါ ပိုမိုလာတော့မှာ
ဖြစ်တယ်။
လေထုအပူချိန်မြင့်တက်လာရင် ရေငွေ့ပျံမှုလည်း
ပိုဖြစ်မယ်။ အငွေ့ပျံတဲ့ပမာဏဟာ ရွာသွန်းတဲ့မိုးရေချိန်ထက်
ပိုသွားတဲ့အခါ ကမ္ဘာကြီးဟာ ပိုပြီး ခြောက်သယောင်းလာပါလိမ့်မယ်။ ကန္တာရဆန်ဆန်ခြောက်သွေ့တဲ့ ဒေသတွေမှာ ရွာသွန်းလိုက်တဲ့မိုးရေကို မြေကြီးက ပိုပြီးစုပ်ယူလိုက်လို့
မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေဆီ စီးဝင်ဖြည့်တင်းမှု လျော့ကျသွားလိမ့်မယ်။ မြေကြီးက ခြောက်သွေ့လွန်းတော့ ရေကိုစုပ်ယူမှု အလွန်များပြီး၊
မြေအောက်ရေကြောတွေဟာ သဘာဝတရားရဲ့ အကြီးဆုံးရေချိုလှောင်ကန်ကြီးတွေ
ဖြစ်ပါတယ်။ ဒီအခါမှာ သဘာဝစမ်းပေါက်တွေလိုနေရာကနေ
ရေချိုပြန်လည်စီးထွက်မှုလည်း လျော့နည်းသွားတော့မှာ ဖြစ်ပါတယ်။ အပူပိုင်းဒေသတွေမှာ မြေပေါ်ရောက်တဲ့ သစ်ပင်၊ သစ်တောတွေ
ပြောင်းလဲသွားတဲ့အတွက် မြစ်ချောင်းတွေနဲ့ တခြားအရေးပါတဲ့ သဘာဝရေကြောတွေဆီကို မိုးရေအရောက်နည်းသွားပါလိမ့်မယ်။
အပူပိုင်းမုတ်သုံ သစ်တောတွေလို ထူထပ်လှတဲ့
သစ်ပင်တောအုပ်တွေကနေ ပင်ငွေ့ပျံတာနဲ့ တိုက်ရိုက်ရေငွေ့ပျံတာပေါင်းပြီး မြေထုထဲကရေတွေ
လေထုဆီကို ပိုမိုရောက်ရှိဆုံးရှုံးသွားစေပါတယ်။
အခုဖော်ပြထားတဲ့ ကမ္ဘာ့လေထုအပူချိန်ပြောင်းလဲခြင်းရဲ့
သက်ရောက်မှုတွေဟာ ကမ္ဘာအရပ်ရပ်ဒေသ အားလုံးမှာ ကြီးမားတဲ့အကျိုးဆက်တွေကိုဖြစ်စေမှာ ဖြစ်ပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ ပိုမိုများပြားလာတဲ့အတွက်
သစ်ပင်တွေ ပိုမိုကြီးထွားလာနိုင်တာ မှန်ပေမဲ့ မိုးရေချိန်လျော့ကျသွားမှုနဲ့ ရွာသွန်းမှုပုံစံမမှန်တော့တာတွေကြောင့်
စားနပ်ရိက္ခာအထွက် လျော့ကျလာစရာ ရှိပါတယ်။ မြစ်ရေပမာဏလျော့ကျသွားခြင်းကြောင့်
ရေသွင်းစိုက်ပျိုးစရာ ရေပမာဏနည်းသွားမှာဖြစ်ပါတယ်။ တချို့တိုင်းပြည်တွေမှာ မြစ်ရေပမာဏ ဆက်တိုက်ကျဆင်းလာမှုကြောင့်
ရေသွင်းစိုက်ပျိုးနိုင်တဲ့ပမာဏဟာ ၂ဝ၈ဝ ပြည့်နှစ်အရောက်မှာ ၂၅ ကနေ ၅ဝ ရာခိုင်နှုန်းလောက်
အထိ ကျဆင်းသွားဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။ နိုင်ငံ အများအပြားမှာ မိုးခေါင်ရေရှားမှုနဲ့ နောက်က
တစ်ဆက်တည်း ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှုတွေက ထပ်ကြပ်မကွာ လိုက်ပါလာတော့မှာဖြစ်တယ်။
ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေကိုလည်း
ကြုံတွေ့ရနိုင်ပါတယ်။ အရင်ကထက်ပိုပြီး တိုးပွား
များပြားလာတဲ့ အပူပိုင်းဒေသတွေမှာ ရွာသွန်းချလိုက်တဲ့ မိုးရေတွေဟာ နေရာအနှံ့အပြားမှာ
အိုင်ထွန်းနေမှာဖြစ်လို့ ငှက်ဖျားရောဂါပိုး သယ်ဆောင်တဲ့ခြင်တွေ ပိုမိုပေါက်ဖွားလာစရာရှိပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာ သန့်ရှင်းတဲ့ သောက်ရေနဲ့
အညစ်အကြေးစွန့်ရေးဆိုင်ရာစနစ်တွေ တည်ဆောက်ဖို့ ပိုခက်လာပြီး အကုန်အကျပိုများလာဖို့
ရှိတဲ့အတွက် ရေကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်ပွားမှု မြင့်တက်လာနိုင်ပါတယ်။
ရေလွှမ်းမိုးမှုကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေ
ပိုကြုံတွေ့လာရဖို့ ရှိပါတယ်။ မြစ်ကမ်းနဖူးဒေသတွေ၊
မြစ်ဝကျွန်းပေါ်နဲ့ မြစ်ဝှမ်းလွင်ပြင်တွေမှာနေကြတဲ့ သန်းပေါင်းရာချီတဲ့ လူတွေဟာ ရေလွှမ်းမိုးမှုအန္တရာယ်ရဲ့သားကောင်တွေ
ဖြစ်လာကြပါလိမ့်မယ်။ ဒီလို မြစ်ရေလွှမ်းမိုးမှုကြုံရနိုင်တဲ့
ဒေသတွေမှာနေကြတဲ့ ကမ္ဘာ့လူဦးရေဟာ ၂ဝ၈ဝ ပြည့်နှစ် အရောက်မှာ နှစ်ဘီလီယံလောက်အထိ ရှိလာလိမ့်မယ်
လို့ အိုင်ပီစီစီအဖွဲ့ကြီးမှ ပါချော်ရီက သတိပေးစကားပြောကြား ထားပါတယ်။ ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေမှာ နှင်းနဲ့ရေခဲတောင်တွေ
အရည်ပျော်ကျရာကနေ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသ ရေလွှမ်းမိုးမှုတွေကို
ပိုဆိုးရွားသွားစေမှာ ဖြစ်ပါတယ်။ ပင်လယ်ရေကြီးရာက
ပါလာတဲ့ ဆားငန်ရေတွေက မြေပေါ်မြေအောက်ရေချို အရင်းအမြစ်တွေနဲ့ရောနှောပြီး ရေချိုတွေကို
သုံးမရအောင် ဖျက်ဆီးပစ်နိုင်တဲ့အန္တရာယ်ကလည်း ရှိနေပါသေးတယ်။
ဟိမဝန္တာ၊ အင်ဒီးစ်နဲ့ တခြားရေခဲတောင်တန်းကြီးတွေမှာ
သိုလှောင်ထားတဲ့ ဆီးနှင်းနဲ့ ရေခဲထုထည်တွေကို မြင့်မားလာတဲ့အပူချိန်က အရည်ပျော်ကျစေမှာဖြစ်တဲ့
အတွက် ရေပမာဏပိုလျော့ပါးလာရမယ့်အပြင် တောင်ခြေ အညာအကြေဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဆက်တိုက်
ဖြစ်ပေါ်မယ့်အန္တရာယ်ကလည်း တစ်ဆက်တည်းပါနေတယ် လို့ ဆိုနိုင်ပါတယ်။ နောက်ဆုံးတစ်နေ့ အဲဒီဆီးနှင်းနဲ့ ရေခဲတောင်ထုကြီးတွေ
လုံးဝပါးလျားသွားတဲ့အခါ မြစ်ကြောင်းကြီးတွေဟာ အရင်လို တစ်နှစ်တာပတ်လုံး ပုံမှန်စီးဆင်းမှုမျိုးတွေ
မရှိတော့ဘဲ မိုးရွာတဲ့အခါမှသာ တစ်ရှိန်ထိုး၊ ဝါးလုံးထိုး စီးဆင်းပြီး ကျန်အချိန်တွေမှာ
ခန်းခြောက်တိမ်ကောတဲ့အဖြစ်ကို ရောက်ကုန်ပါလိမ့်မယ်။ အရင်ကလို ခြောက်သွေ့ရာသီ ရောက်တဲ့တိုင် ပုံမှန်စီးဆင်းမြဲမြစ်ကြီးတွေက
ရေကိုမျှော်လို့ ရတဲ့အခြေအနေမရှိတော့တဲ့အခါမှာ မြစ်ညာဒေသက လူတွေဟာ ရေသိုလှောင်ဖို့နည်းလမ်းအသစ်တွေကို
ရှာဖွေကြရမှာဖြစ်ပါတယ်။
အထက်ကကိစ္စတွေလောက် သိပ်ပြီးမမြင်သာပေ မဲ့
ပတ်ဝန်းကျင်နဲ့ ရေထုညစ်ညမ်းမှုတွေ ပိုဖြစ်လာနိုင်စရာ ရှိတဲ့အခြေအနေတစ်ရပ်ရှိပါသေးတယ်။
ရေသန့်အင်ဂျင်နီ ယာတွေရဲ့ဆိုရိုး "အကောင်းဆုံးသန့်စင်နည်းဟာ
ရေပမာဏ အများကြီးထဲကို ရောနှောလိုက်ခြင်း" ဆိုတဲ့အတိုင်းပြောရရင် ရေပမာဏနဲ့ ရေစီးရေလာအလုံအလောက်ရှိတဲ့အခါမှာ
မြစ်ကြီးတွေဟာ မြို့ကြီးပြကြီးတွေက အညစ်အကြေးတွေကို အကောင်းဆုံးသန့်စင်ဖယ်ရှားပေးနိုင်တဲ့
သဘာဝသန့်စင်စက်ကြီးတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့
အဲဒီမြစ်ကြီးတွေကိုယ်တိုင် ရေခန်းခြောက်လာတဲ့အခါမှာတော့ လူတွေရဲ့အညစ်အကြေးတွေကို အရင်လိုသန့်စင်ပေးနိုင်ခြင်းရှိတော့မှာ
မဟုတ်ပါဘူး။ ဒီတော့ အညစ်အကြေးသန့်စင်ဖို့အတွက်
ငွေကုန်ကြေးကျ အများကြီး ခံချင်ခံ၊ မဟုတ်ရင်တော့ အညစ်အကြေးတွေကြောင့်ဖြစ်လာမယ့် ဒုက္ခသုခတွေနဲ့
ရောဂါဘယပေါင်းစုံကို ခါးစည်းသာခံပေတော့လို့ ဆိုရမလိုတောင် ဖြစ်နေပါတယ်။
ရေအကျပ်အတည်းနဲ့ စိန်ခေါ်မှု
ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲမြစ်တွေ အရည်ပျော်ကျတဲ့အတွက်
မြစ်ရေစီးဆင်းမှုပုံစံတွေမမှန်နိုင်တော့တာနဲ့ ယခင်ကရှိခဲ့တဲ့ ရေခဲတောင်ပေါ် ရေအရင်းအမြစ်တွေ
လျော့နည်းပျောက်ဆုံးကုန်တာကြောင့် ခြောက်သွေ့ရာသီမှာ ရေသိုလှောင်နိုင်ဖို့ကို စဉ်းစားအားထုတ်လာကြရပါတယ်။
ဥပမာ ဟိမဝန္တာဂန်ဂိုထရီရေခဲမြစ်ကြီးဟာ အိန္ဒိယနိုင်ငံက
ဂင်္ဂါမြစ်ကြီးရဲ့ ပင်မရေအရင်းအမြစ်ဖြစ်ပါတယ်။ အဲဒီရေခဲမြစ်ကြီးဟာ လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်းမှာပဲ
ပေပေါင်း ၃,ဝဝဝ နီးပါးလျော့ပါးခဲ့တယ်လို့ ဆိုပါတယ်။
ရေပြဿနာဟာ အခုလို တစ်နွယ်ငင်တစ်စင်ပါ သဘောရှိပေမဲ့
အရင်တုန်းက ကမ္ဘာ့ကျွမ်းကျင်သူတွေက ဒါကို သိပ်ပြီးဦးစားပေးသဘောမထားခဲ့ကြတာကိုတွေ့ရ ပါတယ်။
၂ဝဝ၃ ခုနှစ် ကုလသမဂ္ဂဖွံ့ဖြိုးရေးဆိုင်ရာ အစီရင်ခံစာထဲမှာ
"ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့ ရေရှားပါးမှုပြဿနာ ၂ဝ ရာခိုင်နှုန်းလောက် ပိုတိုးမြင့်လာစရာရှိတယ်"
လို့သာ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဖော်ပြချက်ဟာ
ဘာအဓိပ္ပာယ်ကိုဆောင်သလဲဆိုတာ စီမံခန့်ခွဲမှုစည်းမျဉ်းတစ်ခုဖြစ်တဲ့ ၈ဝ/၂ဝ စည်းမျဉ်းကို
နားလည်သူတိုင်း နားလည်မှာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကိစ္စဟာ
ရေအရင်းအမြစ်စီမံခန့်ခွဲသူတွေရဲ့ ဦးစားပေး စာရင်းမှာ မပါနိုင်တဲ့အရာသာ ဖြစ်နေပါသေးတယ်။
သူတို့မှာက လတ်တလောဖြေရှင်းဆောင်ရွက်စရာတွေနဲ့ချည်းပဲ
ပိနေကြလို့ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကမ္ဘာ့
နေရာအများစုမှာ လူဦးရေတိုးနှုန်းနဲ့ စီးပွားရေးဖွံ့ဖြိုးလာမှုကြောင့် လူတွေရဲ့ ပျမ်းမျှရေအသုံးပြုမှုဟာ
ကမ္ဘာကြီးက သဘာဝအလျောက်ပြန်လည်ဖြည့်တင်းနိုင်တဲ့ပမာဏထက် အများကြီး ကျော်လွန်နေပါတယ်။
ဒါ့ပြင် ရေထုညစ် ညမ်းမှုကြောင့် အသုံးပြုလို့ရနိုင်တဲ့ရေပမာဏကို
နဂိုအရှိထက် ထပ်မံလျော့နည်းသွားစေပါတယ်။
မြစ်ရေကို တိုက်ရိုက်ထုတ်ယူအသုံးပြုတဲ့ဒေသတွေမှာ
မြစ်ရေစီးကြောင်း တဖြည်းဖြည်းလျော့နည်းလာလို့ အရင်လို လုံလုံလောက်လောက် မရတော့တဲ့အကြောင်း
အထူးသဖြင့် မြစ်ခြေအောက်ပိုင်းဒေသတွေမှာ နေထိုင်သူတွေ သုံးစွဲသူတွေဟာလည်း သူတို့ရဲ့
ရေထုတ်ယူမှုဟာ ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ပမာဏကို ကျော်နေပြီဖြစ်တဲ့ အတွက် ရေရနိုင်တဲ့ပမာဏကို
တဖြည်းဖြည်းချင်း လျော့နည်းလာနေတာကို ချက်ချင်းကြီး သတိပြုမိကြမှာ မဟုတ်ပါဘူး။ အမေရိကအနောက်ပိုင်းကစလို့ အရှေ့အလယ်ပိုင်း နဲ့ အိန္ဒိယလိုဒေသမျိုးတွေအထိ
မြေအောက်ရေမျက်နှာပြင်ဟာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ပမာဏအောက်ကို အလျင် အမြန်ကျဆင်းနေပြီဖြစ်ပါတယ်။
မြို့ပြတွေ အလျင်အမြန်ကျယ်ပြန့်ကြီးထွားလာတဲ့အချက်ကလည်း
နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါတယ်။ တိုးပွားလာတဲ့မြို့ပြလူဦးရေရဲ့
ရေလိုအပ်ချက်က တစ်နေ့တခြားများများလာတာ သက်သက်ကြောင့် မဟုတ်ပါဘူး။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မြို့ပြက စွန့်ပစ်တဲ့အညစ်အကြေးတွေကို
စနစ်တကျ မစီစဉ်နိုင်လို့ မြို့ကြီးတွေအောက် မြစ်ကြောင်းတစ်လျှောက်နေလာကြတဲ့ လူတွေအတွက်
အညစ်အကြေးသန့်စင်ဖို့ ပြဿနာဟာ ဧရာမပြဿနာကြီးဖြစ်လို့နေပါတယ်။ ဒီပြဿနာကို တစ်နည်းနည်းနဲ့ ရှင်းနိုင်ရင်ရှင်း၊ မရှင်းနိုင်ရင်တော့
ဒီမသန့် စင်တဲ့ရေတွေကိုပဲ အန္တရာယ်အဖြစ်ခံပြီး သုံးစွဲကြရဖို့ရှိပါတယ်။
စီးပွားရေးဖွံ့ဖြိုးလာတဲ့အချက်ကလည်း နောက်ထပ်
စိန်ခေါ်မှုအသစ်တွေကို ဖြစ်ပေါ်စေပါတယ်။ ပိုက်ဆံချမ်းသာ
လာတဲ့အခါ လူတွေဟာ စားသောက်မှုပုံစံတွေပြောင်းလာတယ်။ အဲဒီအစားအစာသစ်တွေထုတ်ဖို့အတွက် ရေလည်း ပိုလိုလာတယ်။
နောက်ပြီး စားသောက်ကုန်လုပ်ငန်းအပါအဝင် ဘယ်နယ်ပယ်မဆို
နည်းပညာသစ်ပေါ်လာတိုင်း အညစ်အကြေးပုံစံသစ်တွေလည်း ဒွန်တွဲပါလာစမြဲပဲ မဟုတ်လား။
အနာဂတ်ဟာ အရင်လိုဖြစ်ရိုးဖြစ်စဉ်မဟုတ်တော့
အခုတော့ ရေအရင်းအမြစ်စီမံခန့်ခွဲသူတွေဟာ
သူတို့ရဲ့ဦးစားပေးရွေးချယ်မှုတွေကို ပြန်စဉ်းစားလာကြရပါပြီ။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို လျှော့ချဖို့လုပ်တဲ့
လုပ်ဆောင်ချက်တချို့ဟာ ရေအရင်းအမြစ်တွေကို ပြန်လည်ထိခိုက်စေတာမျိုးကို ပညာရှင်တွေက
သတိထားမိလာပါတယ်။ ဇီဝလောင်စာထုတ်လုပ်ရေးလိုမျိုး
ကိစ္စတွေဟာ မြင်သာထင်ရှားတဲ့ ဥပမာတွေဖြစ်တယ်။ ပညာရှင်တွေက ၂၁ ရာစုရဲ့အကြီးမားဆုံးစိန်ခေါ်မှုဟာ "ရိက္ခာအတွက်ရေ"
လုံလုံလောက်လောက်ရှာဖွေနိုင်ဖို့ဖြစ်တယ် ဆိုတာကို အစောကြီးကတည်းက ကြိုတင်သိထားပြီးနေပါပြီ။
လက်ရှိမှာ စားနပ်ရိက္ခာပင်တွေနဲ့ စွမ်းအင်ထုတ်ပေးမယ့်အပင်တွေဟာ
တစ်နေ့တခြား ပိုပိုရှားလာနေတဲ့ ရေကိုရဖို့ ပြိုင်ဆိုင်ကြရတော့မယ့် အခြေအနေပဲဖြစ်ပါတယ်။
ရေအားလျှပ်စစ်ဆိုလည်း ဒီလိုပါပဲ။ ရေအားလျှပ်စစ်ဟာ အင်မတန် အကျိုးရှိပေမဲ့ ရေအရင်းအမြစ်တွေကို
ခြိမ်းခြောက်နိုင်မှုကိုတော့ ငြင်းပယ်လို့မရပါဘူး။ တကယ့်အစစ်အမှန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းလမ်းအဖြစ်
လောလောဆယ် သိရှိထားတာက ပင်လယ်ရေကိုသွယ်၊ တာဘိုင်တွေကိုလည်စေပြီး ပင်လယ်ထဲပြန်လွှတ်တဲ့နည်းလမ်းတစ်ခုတော့
ရှိပါတယ်။ မြစ်ချောင်းတွေရဲ့ ရေစီးဆင်းမှုပမာဏ
မတည်ငြိမ်တော့တာနဲ့အမျှ ရေအား လျှပ်စစ်ကို ရေရှည်အားကိုးလို့ မဖြစ်နိုင်တော့ကြောင်းလည်း
သိမြင်လာကြရပါတယ်။
အထက်ကကိစ္စတွေအားလုံးထက် ပိုကြီးတဲ့စိန်ခေါ်မှုကတော့
ရာသီဥတုကို ခန့်မှန်းဟောကိန်းထုတ်နိုင်မှု လုံးဝပျောက်ကွယ်သွားရတဲ့အချက်ပဲ ဖြစ်ပါတယ်။
အရင်တုန်းက အတိတ်ကို သေသေချာချာသိရင် အနာဂတ်ကို
အတတ်ဟောလို့ရခဲ့ကြပါတယ်။ ရေအရင်းအမြစ်စီမံခန့်ခွဲရေးဆိုတာ
အနာဂတ်ကာလအရှည်ကြီးကို ကြိုတင်တွက်ကိန်းထုတ်ပြီး ဆောင်ရွက်ကြရတဲ့လုပ်ငန်းဖြစ်ပါတယ်။
ရေနဲ့ပတ်သက်တဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ အနည်းဆုံး
နှစ် ၅ဝ ကနေ နှစ် ၁ဝဝ လောက်အထိစာကို ကြိုတင်မျှော်မှန်းပြီး တည်ဆောက်ကြရတာမျိုးဖြစ်ပါတယ်။
အတိတ်ကဆောက်ခဲ့တဲ့ ဒီဇိုင်းတွေအားလုံးမှာ ရာသီဥတု
ဆိုတာ ရေရှည်လောက်ကိုမှန်းကြည့်ရင် ကိန်းသေပဲဆိုတဲ့အချက်ကို အခြေခံထားရတာချည်းပဲဖြစ်တယ်။
တစ်ရာသီကို မုန်တိုင်း ဘယ်နှလုံးလာမယ်၊ ပြင်းအားဘယ်လောက်အထိ
အမြင့်ဆုံး ရှိနိုင်တယ်၊ ဒီရေဘယ်နှကြိမ်ကြီးမယ်၊ ဘယ်လောက် ပမာဏ ရှိမယ်ဆိုတဲ့အချက်အားလုံးကို
ကြိုတင်ခန့်မှန်းတွက်ချက်ပြီးသား ဖြစ်ပါတယ်။ လမ်းဘေးသန့်စင်ရေမြောင်း ဇောက်နဲ့ အကျယ်ကစလို့ ရေပေးဝေရေးနဲ့
ရေသန့်စနစ်တွေ အလယ်၊ ဧရာမရေကာတာကြီးတွေအဆုံး ရေနဲ့ပတ်သက်တဲ့ စီမံကိန်းတွေ အားလုံးဟာ
ဒီလို ခန့်မှန်းတွက်ချက်မှုတွေကို အခြေခံပြီးမှ ဆောင်ရွက်ထားတာတွေဖြစ်ပါတယ်။
ဒီလိုခန့်မှန်းတွက်ချက်မှုတွေအားလုံးမှာ ကြုံတွေ့ရနိုင်တဲ့
ကမောက်ကမဖြစ်မှု၊ ဘေးဖြစ်မှုအတိုင်းအတာကိုလည်း ကြိုတွက်ချက်ပြီး ဘယ်အတိုင်းအတာထိပဲ လက်ခံမယ်ဆိုတာမျိုးတွေကို
အတိအကျသတ်မှတ်ထားလေ့ရှိတယ်။ ဥပမာ ရာသီအလိုက်
ကောက်ပဲသီးနှံစိုက်ပျိုးတဲ့ လယ်သမားဟာ ငါးနှစ်တစ်ခါလောက် သီးနှံအထွက်နှုန်း လျော့တာကို
ထိခိုက်ခံနိုင်ရည်ရှိပါတယ်။ တစ်နှစ်ပတ်လုံးစိုက်တဲ့
သစ်ခွခြံလိုမျိုးကျတော့ လယ်သမားလောက် ထိခိုက်ခံနိုင်ရည် မမြင့်ဘူး။ လယ်သမားက ငါးနှစ်မှ တစ်ခါလောက်ကို ခံနိုင်ပေမဲ့ သစ်ခွသမားက
တစ်ခါပျက်ရင် အကုန်လုံး သွားတာဖြစ်လို့ သူ့ရဲ့ ကမောက်ကမ အပြောင်းအလဲဖြစ်မှု ခံနိုင်စွမ်းကို
အလွန်နိမ့်တဲ့အဆင့်မှာ စဉ်းစားတွက်ချက်ထားရမှာ ဖြစ်ပါတယ်။ အလားတူ စဉ်းစားချက်မျိုးတွေဟာ ရေကိစ္စမှာသာမက ကျန်
ဘယ်ကိစ္စမှာမဆို မူဝါဒရေးဆွဲတဲ့ အဆင့်ရောက်ရင် မစဉ်းစား မနေရ စဉ်းစားရတဲ့အချက်တွေပါ။
ဥပမာ တစ်ပြည်လုံးကို သွယ်တန်းဖြန့်ဝေပေးမယ့်
ရေအားလျှပ်စစ်ကွန်ရက် တစ်ခုရဲ့ အမှားအယွင်းဖြစ်နိုင်ခြေဟာ အနှစ် ၂ဝဝ တစ်ကြိမ်လောက်ထက်
ပိုမများသင့်ပါဘူး။ ဒီလိုပဲ မုန်တိုင်း ကာကွယ်တဲ့
ရေကာတာကြီးဆောက်မယ် ဆိုရင်လည်း အနည်းဆုံး လာမယ့်နှစ် ၁ဝဝ လောက်အတွင်း တိုက်ခတ်လာမယ့်မုန်တိုင်းတွေရဲ့
အကြိမ်ရေနဲ့ ပြင်းအားကို ခန့်မှန်းတွက်ချက်နိုင်ပြီးမှသာ ဒီဇိုင်းထုတ်တည်ဆောက်ရတာ ဖြစ်တယ်။
ဒီလိုခန့်မှန်းဖို့အတွက် အထက်မှာပြောခဲ့သလို
အတိတ်ကာလက ရာသီဥတုပုံစံတွေကို နှစ်ပေါင်းရာနဲ့ချီ မှတ်တမ်းတင်ပြီးမှ အနာဂတ်မှာ ကြုံရမယ့်ပုံစံကို
အတိတ်က ဖြစ်စဉ်တွေနဲ့ ယှဉ်ထိုးပြီး ခန့်မှန်းတွက်ချက်တာဖြစ်တယ်။ အနာဂတ်ရဲ့ ရာသီဥတုဖြစ်စဉ်တွေဟာ အတိတ်ကဖြစ်စဉ်တွေနဲ့
လုံးလုံး ကွဲပြားခြားနားသွားမယ်ဆိုရင် ဒီနည်းပညာတွေ၊ စနစ်တွေ၊ အခြေခံအဆောက်အအုံတွေအားလုံး
လုံးဝအလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။
ဒီတော့ အနာဂတ်အတွက် ရာသီဥတုဖြစ်စဉ်ဟာ "အစိုးမရ"
လို့ သတ်မှတ်ရင် အစိုးမရမှုကို ခံနိုင်ရည်ရှိတဲ့ နည်းပညာတွေနဲ့ အခြေခံအဆောက်အအုံတွေ၊
ဒီဇိုင်းတွေကို တီထွင်ဖော်ထုတ်ရတော့မှာဖြစ်တယ်။
တကယ်တမ်းတော့ အနာဂတ်ဟာ အခုကတည်းက ဆိုက်ရောက်နေပါပြီ
ခြောက်သွေ့ဒေသတွေနဲ့ မိုးခေါင်ရေရှားဒေသတွေ
ဖြစ်တဲ့ မြေထဲပင်လယ်ချိုင့်ဝှမ်းကစလို့ အမေရိကအနောက်ပိုင်း၊ အာဖရိကတောင်ပိုင်းနဲ့ ဘရာဇီးမြောက်ပိုင်းတို့လိုဒေသတွေဟာ
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်တဲ့ ရေအရင်းအမြစ်တွေ လျော့ပါးယိုယွင်းလာမှုကို
မလွဲမသွေ ရင်ဆိုင်ကြရလိမ့်မယ်လို့ အိုင်ပီစီစီအဖွဲ့ကြီးက ဟောကိန်း ထုတ်ထားပါတယ်။ ကိပ်တောင်းမှာအခြေစိုက်တဲ့ မြေကမ္ဘာ လေ့လာရေးကွန်ရက်က
သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ မာတန်ဒီဝတ်နဲ့ စတိန်ကီဝက်ဇ်တို့နှစ်ဦးက လက်ရှိခန့်မှန်းထားတဲ့အတိုင်း
မိုးရေချိန်လျော့ကျမှု ဆက်ဖြစ်မယ်ဆိုရင် အာဖရိကရဲ့ ၂၅ ရာခိုင်နှုန်းလောက်မှာ အရင်က တစ်နှစ်ပတ်
လုံးစီးဆင်းတဲ့မြစ်ကြီးတွေဟာ တစ်နှစ်ပတ်လုံး မစီးဆင်းနိုင်တော့ဘဲ ခန်းခြောက်တဲ့ကာလတွေရှိလာတော့မယ်လို့
ပြောပါတယ်။
အခုလက်ရှိကိုပဲ အချို့အရပ်ဒေသတွေမှာ အနာဂတ်က
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နေပြီဆိုတာကိုတွေ့ရပါတယ်။ ရေနဲ့ဆိုင်တဲ့ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို
မိုးခေါင်မှုတွေ၊ ရေကြီးမှုတွေပိုဖြစ်တာနဲ့ ဖြစ်တဲ့ပမာဏပိုမိုကြီးမားလာတဲ့အခြေအနေမျိုးတွေကို
ကမ္ဘာ့နိုင်ငံအတော်များများ ကြုံတွေ့ရင်ဆိုင်နေကြရတယ်။ အင်ဒီးစ်နဲ့ ဟိမဝန္တာလို တောင်တန်းကြီးတွေက ရေခဲမြစ်နဲ့
ဆီးနှင်းပြင်ကြီးတွေ ပျော်ကျနေလို့ မြစ်တွေကို ရေဝေရေလဲလုပ်ပေးတဲ့ပုံစံ စတင်ပြောင်းလဲနေပြီး
မြစ်အောက်ကတိုင်းပြည်တွေမှာ ရေကြီးမှုတွေရော၊ မိုးခေါင်မှုတွေရော ဆက်တိုက်ဖြစ်နေတာကိုတွေ့လာရတယ်။
ကယ်လီဖိုးနီးယားပြည်နယ်လိုမျိုးမှာလည်း ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာကြောင့်
အခြေခံအဆောက်အအုံတွေ၊ ရေပေးဝေရေးစနစ်တွေနဲ့ သဘာဝအရင်းအမြစ်တွေကို ခြိမ်းခြောက်မှုတွေ
ဖြစ်နေပါတယ်။ ဒါ့ပြင် အလွန်ပူတဲ့ နေ့ရက်တွေ
ပိုများလာပြီး အေးမြတဲ့ညချမ်းတွေ နည်းသထက် နည်းလာပါတယ်။ သစ်ပင်တွေကြီးထွားတဲ့ကာလက ပိုရှည် လျားလာတယ်။ ဆောင်းတွင်းမှာကျဆင်းတဲ့ ဆီးနှင်းပမာဏ လျော့နည်းသွားလို့
ရေသံသရာစက်ဝန်းမှာ အပြောင်းအလဲတွေဖြစ်ပြီး မိုးရေရော၊ ဆီးနှင်းရေတွေပါ အလျင်အမြန်ပဲ
နိမ့်ရာကို စီးဆင်းခန်းခြောက်သွားတာကိုတွေ့ကြုံနေကြ ရပါတယ်။
ဘယ်လိုတုံ့ပြန်ကြမလဲ
နိုင်ငံတွေ၊ ဒေသကြီးတွေမှာ ရေအရင်းအမြစ်ပိုင်ဆိုင်မှုရော၊
ရေအသုံးပြုမှုပုံစံပါ ကွဲပြားခြားနားတတ်ပါတယ်။ အနာဂတ်မှာ ကြုံလာရမယ့်ပြဿနာတွေက ထုနဲ့ထည်နဲ့ ဆိုတော့
တစ်ချက်တည်းနဲ့ အားလုံးကို ဖြေရှင်းနိုင်မယ့် ဖြေရှင်းချက်မျိုးဆိုတာ မရှိနိုင်ပါဘူး။
ဒါပေမဲ့ ဒေသအလိုက် ဆိုင်ရာဆန်းသစ်တီထွင်ဖြေရှင်းဖို့
ကြိုးစားကြတာတွေထဲက နမူနာယူစရာကောင်းတဲ့ ကိစ္စလေးတွေ အများကြီးတွေ့ရ ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုနဲ့ဆက်စပ်တဲ့ မိုးခေါင်မှုတွေ၊
ရေကြီးမှုတွေ၊ တောမီးလောင်မှုတွေနဲ့ မြို့ပြရေရှားမှုပြဿနာတွေကို ကြုံတွေ့နေရတဲ့ ဩစတြေးလျနိုင်ငံမှာ
ဖက်ဒရယ် အစိုးရက ပြည်သူတွေရဲ့ ရေသုံးတဲ့ဓလေ့စရိုက်နဲ့ ရေအသုံးပြုမှုပမာဏကို လျော့နည်းသွားတဲ့
ရေအရင်းအမြစ်တွေက နေ ရနိုင်တဲ့ပမာဏနဲ့ညီမျှသွားအောင် ပြောင်းလဲယူဖို့ ကြိုးစားနေပါတယ်။
ဖက်ဒရယ်အစိုးရအပြင် ပြည်နယ်အစိုးရ တစ်ခုချင်းစီကပါ
ပြည်နယ်အတွက် သင့်တော်မယ့် တီထွင် ဆန်းသစ်မှုတွေကို လုပ်နေကြပါတယ်။ လေအားသုံးပြီး ပင်လယ်ရေကနေ ရေချိုထုတ်တဲ့စက်တွေ ပြည်နယ်အလိုက်
တပ်ဆင်ကြတာမျိုးတွေကို ဆောင်ရွက်ကြပါတယ်။
စက်မှုလုပ်ငန်းတွေကလည်း ရေအသုံးပြုမှုကို လျှော့ချပြီး
ရာသီဥတုပြောင်းလဲမှုကို တန်ပြန်နိုင်မယ့်နည်းလမ်းတွေကို စတင်ကြံဆလာကြပါတယ်။ တောင်အာဖရိကမှာ အသစ်တည်ဆောက်တဲ့ လျှပ်စစ်စက်ရုံတွေမှာ
ရေနဲ့အအေး ခံတဲ့ နည်းပညာအစား ရေမလိုဘဲ အခြောက်အအေးခံတဲ့ နည်းပညာတွေကို စတင်တပ်ဆင်ကျင့်သုံးနေပြီ
ဖြစ်ပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို မျက်စိဒေါက်ထောက်ပြီးကြည့်နေရတဲ့
စီးပွားရေး လုပ်ငန်းနယ်ပယ်တစ်ခုကတော့ အာမခံကုမ္ပဏီတွေပဲဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ အသစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်တွေရဲ့ရန်ကနေ
ကာကွယ်တဲ့ အာမခံထားလိုတဲ့သူတွေအတွက် ပေါ်လစီသစ်တွေ ဖန်တီးပေးဖို့ အချိန်နဲ့အမျှကြိုးစားနေကြပါတယ်။
ပြီးတော့ ဆင်းရဲတဲ့တိုင်းပြည်ကပြည်သူလူထုအတွက်
မိုးခေါင်ရေရှားကာလရှည်ဖြစ်တဲ့အချိန်တွေမှာ ဖူဖူလုံလုံစားသောက်နေထိုင်ဖို့ အာမခံပေးနိုင်မယ့်
ပေါ်လစီများကိုလည်း ထည့်သွင်းစဉ်းစားနေကြတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့
အကျိုးဆက်တွေကို တုံ့ပြန်ဆောင်ရွက်ရာမှာ အဆင့်တိုင်း၊ အလွှာတိုင်း၊ နယ်ပယ်စုံ၊ ထောင့်စုံကနေ
ဆောင်ရွက်ကြဖို့ မူဝါဒချမှတ်ထားပါတယ်။ ဒါ့ပြင်
ဒီလိုကိစ္စရပ်မျိုးတွေဟာ တစ်နိုင်ငံတည်းကွက်ပြီး ဖြေရှင်းဆောင်ရွက်လို့ရတဲ့ ကိစ္စတွေမဟုတ်လို့
ကျန်ကမ္ဘာ့နိုင်ငံတွေနဲ့ လက်တွဲပူးပေါင်းပြီး ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေကို
ပူးပေါင်းဖြေရှင်းကြဖို့လည်း မူဝါဒချမှတ်ပြီးသား ရှိနေပါတယ်။
နိဂုံး
ဝမ်းနည်းစရာတွေ ထပ်မဖြစ်ရလေအောင်
ရေအရင်းအမြစ်စီမံခန့်ခွဲတဲ့ မန်နေဂျာတွေနဲ့
ကျွမ်းကျင်သူတွေ တညီတညွတ်တည်း နားလည်ထားတာ ကတော့ နောက်ရာစုနှစ်မှာ ဘယ်လိုရာသီဥတုအခြေအနေတွေ
ကြုံတွေ့ရမယ်ဆိုတာ မမှန်းနိုင်ပေမဲ့ ကြုံရမယ့် အကျိုးဆက်တော်တော်များများကို ရေသံသရာစက်ဝန်းထဲမှာ
တွေ့မြင်ရမယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့်
ရေအရင်းအမြစ်တွေကို အကောင်းဆုံးစီမံခန့်ခွဲပြီး ရေအရင်းအမြစ်ထုတ်ယူတဲ့စနစ်ကို ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုမှာ
လိုက်လျောညီထွေခံနိုင်ရည်ရှိမယ့် စနစ်မျိုးဖြစ်လာအောင် ပြုပြင်တည်ဆောက်ယူသွားကြရမှာ
ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ရေမိတ်ဆွေများလို့ခေါ်နိုင်တဲ့
ဂလိုဘယ်ဝေါတားပါတနာရှစ်အဖွဲ့ဟာ ရေအရင်းအမြစ် စီမံခန့်ခွဲရေးကိစ္စတွေမှာ ပိုတိုးတက်ကောင်းမွန်အောင်
ပူးပေါင်းဆောင်ရွက်ကြဖို့ တစ်ကမ္ဘာလုံးကလူတွေ၊ အဖွဲ့ အစည်းတွေ စုပေါင်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းက "ဒီကနေ့မှာ ရေစီမံခန့်ခွဲမှုကောင်းကောင်း
လုပ်နိုင်ရင် အနာဂတ်မှာ သဘာဝအပြောင်းအလဲတွေကို ပိုပြီးခံနိုင်ရည်ရှိတဲ့ ကမ္ဘာ့ကြီးဖြစ်လာမှာ
ဖြစ်ပါတယ်။ ရေအရင်းအမြစ်ဖူလုံရေးနဲ့ လုံခြုံစိတ်ချရရေးတို့မှာ
ဒီနေ့ အသုံးချလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင်ဆောင်ရွက်
ရေး ရေရှည်မဟာဗျူဟာရဲ့ မြင်သာထင်ရှားတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါလိမ့်မယ်" လို့
အနာဂတ် မြေကမ္ဘာ ရှင်သန်ရပ်တည်ရေးမှာ အသက်တမျှအရေးပါတဲ့ ရေအရင်း အမြစ်တွေနဲ့ ပတ်သက်ပြီး
အနှစ်ချုပ်ပြောဆိုခဲ့တာကို တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
Mike Muller ၏ Tsater and Climate Change ကို လှိုင်မြတ် ဘာသာပြန်ဆိုပါသည်။
မှတ်ချက်။
။ ဆရာလှိုင်မြတ်ရဲ့ "ရေ" အထူးကဏ္ဍဆောင်းပါးကို
ပြန်လည်ဖော်ပြအပ်ပါသည်။ (၂ဝ၁ဝ- လင်းရောင်ခြည်
- USA မှ)