Jul 22, 2011

နျူကလီးယားထိတွေ့မှုနဲ့ ဂျပန်နိုင်ငံ



ဖြိုးဖြိုး

၁၉၄၅ ဒုတိယကမ္ဘာစစ်ကြီးရဲ့ နောက်ဆုံးအဆင့်မှာ ဂျပန်နိုင်ငံရဲ့ ဟီရိုးရှီးမားနဲ့ နာဂါစာကီမြိ့တွေဟာ နျူကလီးယားလက်နက်ဖြစ်တဲ့ အဏုမြူဗုံး(atomic bomb) တွေကို စတင်တွေ့ထိ သိရှိခဲ့ကြတယ်။
အဏုမြူဗုံးရဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့်ဟီရိုရှီးမားမှာ လူပေါင်း ၇၀၀၀၀ကျော်သေဆုံးခဲ့ကြပြီး အရေပြားဓါတ်ရောင်ခြည်သင့်မှုနဲ့ ဆက်နွယ်တဲ့ရောဂါတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၉၀၀၀၀ကျော်ကနေ ၁၆၆၀၀၀ အထိ သေဆုံးမှုတွေမြင့်တက်ခဲ့ပါတယ်။ ၁၉၅၀မှာ ဆိုရင်၂၀၀၀၀၀ခန့်အထိသေဆုံးခဲ့ကြရတယ်။ နောက်ပိုင်းမှာလည်း သွေးကင်ဆာ၊ သိုင်းရွိက်ကင်ဆာတွေဖြစ်ပွားလာအောင် ဓါတ်ရောင်ခြည်တွေက တမြည့်မြည့်တိုက်စားခဲ့ကြတယ်။ အခု ၂၀၁၁ မတ်လ ၁၁ ရက်နေ့က ဂျပန်အရှေ့မြောက်ပိုင်းဒေသ ဆန်ဒိုင်းမြို့တော်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈.၉ရစ်ခ်ျတာစကေးငလျင်ကြီးကြောင့် ပြိုပျက်ဆုံးရှုံးမှုတွေ နေရာတိုင်းမှာ ပြည့်နှက်ကုန်တယ်။ သေကြေပျက်ဆီးမှုတွေနောက်မှာ ကြီးမားလှတဲ့ဆူနာမီလှိုင်းတွေက ထပ်ချပ်မကွာလိုက်လာခဲ့ပြန်တယ်။ ဆူနာမီလှိုင်းတွေကြောင့်  အသက်အိုးအိမ်စည်းစိမ်တွေ အရာအားလုံးကို ထပ်ကာထပ်ကာ ဖရိုဖရဲပြိုကွဲ ပျက်စီးစေခဲ့ပြန်တယ်။

 အဲဒီနောက်မှာတော့ အသက်ရှင်ကျန်ရစ်သူတွေ သောကပွေရအောင် နျူကလီးယားဓါတ်ရောင်ခြည်တွေက ခြောက်လှန့်ကြပြန်ပါပြီ၊ တကမ္ဘာလုံးကပါ သနားကရုဏာသက်ခဲ့ကြသလို ထိတ်လန့်တုန်လှုပ်ခဲ့ကြတယ်။ နျူကလီးယားထိတွေ့မှုကို ခံစားခဲ့ကြရဖူးတဲ့ ဂျပန်နိုင်ငံဟာ နျူကလီးယားကိုင်တွယ်မှုကို သတိကြီးကြီးထားခဲ့ကြပါတယ်။ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ခဲ့ကြတယ်။ မလွှဲမရှောင်သာငလျင်ဒဏ်ကြောင့် နျူကလီးယားစက်ရုံထိခိုက်မှုတွေရှိလာတာတောင် ဓါတ်ရောင်ခြည်မပျံ့လွင့်စေအောင်အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ကိုယ့်အသက်ကိုစွန့်လွှတ်ထားခဲ့ကြတဲ့ နျူကလီးယားစက်ရုံလုပ်သားတွေနဲ့ volunteer တွေဟာ ငလျင်၊ ဆူနာမီဘေးအန္တရယ်ဆိုးကြားထဲက သူရဲကောင်းတွေဖြစ်လာခဲ့ကြတယ်။ တကယ်တမ်းသာ လုံလောက်တဲ့ ကြိုတင်ကာကွယ်မှုမရှိခဲ့တဲ့ နျူကလီးယားစက်ရုံတွေဖြစ်ခဲ့မယ်ဆိုရင် ပြင်းထန်လှတဲ့ငလျင်ကြီးနဲ့အတူ ဓါတ်ရောင်ခြည်တွေအများအပြား ထွက်ပေါ်လာခဲ့မှာပါပဲ၊ အဲဒီလိုသာဆိုရင် နျူကလီးယားဓါတ်ရောင်ခြည်ထိတွေ့မှုကို ပြင်းပြန်းထန်ထန်ထိတွေ့ခံစားရနိုင်တယ်။ ဂျပန်တွေကြိုးစားခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာလည်း ပြန်ပြီးနလံထူဖို့ သူတို့ကြိုးစားနိုင်ကြမှာပါပဲ။

နျူကလီးယားဓါတ်ရောင်ခြည်မတော်တဆဖြစ်မှုတွေ ဒီကမ္ဘာကြီးမှာ ဘယ်နှစ်ကြိမ်ရှိခဲ့ကြပြီလဲ၊ ဘယ်နေရာတွေမှာ ဖြစ်ခဲ့ကြတာလဲ၊ နျူကလီးယားမတော်တဆဖြစ်မှုတွေရဲ့ သမိုင်းစာမျက်နှာနောက်ပြန်လှန်ကြည့်တဲ့အခါ ...
ကမ္ဘာကြီးနဲ့ ထိတွေ့ခဲ့တဲ့ နျူကလီးယားမတော်တဆဖြစ်မှုတွေမှာ ....
နျူကလီးယားနဲ့ ဓါတ်ရောင်ခြည်ပျံ့နှံ့မှုထိခိုက်မှုတွေမှာ အရပ်သားထိခိုက်မှုနဲ့စစ်သားထိခိုက်မှုစာရင်းတွေရှိခဲ့ကြတယ်။ အဲဒီထဲကမှ ပြင်းထန်တဲ့အရပ်သားသေကြေထိခိုက်မှုစာရင်း၂၀ကျော်ခန့်ရှိပါတယ်။

အဆိုးဆုံးက ယူကရိန်းနိုင်ငံ(အရင်က ယူကရေးနီးရန်းဆိုဗီယက်ဆိုရှယ်လစ်ပြည်သူ့သမ္မတနိုင်ငံ)က ချာနိုဘိုင်းနျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံပေါက်ကွဲမှုပါပဲ။

၁၉၈၆ခုနှစ် ဧပြီ ၂၆ရက်နေ့မှာ ပေါက်ကွဲခဲ့ပြီးလူပေါင်း ၄၀၅၆ဦးသေဆုံးခဲ့တယ်။ ၅၆ဦးက ပေါက်ကွဲမှုမှာတိုက်ရိုက်ထိခိုက်သေဆုံးခဲ့ပြီး ၄၇ဦးက အလုပ်သမားတွေနဲ့ ကလေးငယ် ၉ယောက်ကတော့ သိုင်းရွိက်ကင်ဆာနဲ့သေဆုံးခဲ့ကြတယ်။ နောက်ပိုင်း ၄၀၀၀ကျော်က ကင်ဆာရောဂါတွေနဲ့ သေဆုံးခဲ့ကြပြီး ပျှမ်းမျှလူပေါင်း ၆၀၀၀၀၀ခန့်မှာ မြင့်မားတဲ့ဓါတ်ရောင်ခြည်သင့်မှုတွေ တွေ့ရှိခဲ့ကြပါတယ်။

မရပ်ခ်ပေါက်ကွဲမှု
မရပ်ခ်-Mayak နျူကလီးယားစွန့်ပစ်ပစ္စည်းကန် ပေါက်ကွဲမှုဟာလည်း လူပေါင်း ၂၀၀ကျော်သေဆုံးခဲ့တယ်၊ မရပ်ခ်(Mayak-Light house ဟာ ရုရှား(ဆိုဗီယက်ယူနီယံ)က အကြီးဆုံးနူကလီးယားစွမ်းအင်လည်ပတ်မှုဖြစ်ပါတယ်။ Light house ဟာ ရုရှားနိုင်ငံ ချီလျာဘစ်ခ်မြို့တော်မှာ တည်ဆောက်ထားခဲ့ပြီး ၁၉၅၇ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့မှာ နျူကလီးယားစွန့်ပစ်ပစ္စည်းကန်ပေါက်ကွဲခဲ့တယ်။ လူပေါင်း ၂၇၀၀၀၀ခန့် မှာ အန္တရာယ်ရှိတဲ့အဆင့်အထိ ဓါတ်ရောင်ခြည်သင့်ခဲ့ကြပါတယ်၊ မရပ်ခ်ဓါတ်ရောင်ခြည်သင့်မှုနဲ့အတူ ၁၉၅၈ နဲ့ ၁၉၉၁ခုနှစ်အတွင်းမှာ လူနေရပ်ကွက်၃၀ခန့် ဆိုဗီယက်မြေပုံထဲက ပျောက်ဆုံးသွားခဲ့ကြတယ်။

ဝင်းဒ်စကေးလ်မီးလောင်မှု
အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းဒေ ၀င်းဒ်စကေးလ် (Windscale- အခု Sellafield )ဟာ နျူကလီးယားလျှပ်စစ်စက်ရုံဖြစ်ပြီး ၁၉၅၇ အောက်တိုဘာ ၈ရက်နေ့က ပလူတိုနီယံအစုအပုံတွေကနေမီးစွဲလောင်ခဲ့ပါတယ်။ ရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည်တွေပါဝင်တဲ့ တိမ်တိုက်ကြီးတွေဖြစ်ပေါ်ခဲ့တယ်။ ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ နွားခြံတွေ၊ လယ်ယာတွေ ဓါတ်ရောင်ခြည်သင့်ကာ ညစ်ညမ်းစေခဲ့တာကြောင့် တစ်လခန့်ပိတ်ထားခဲ့ရပါတယ်။ ကင်ဆာရောဂါနဲ့ ဓါတ်ရောင်ခြည်သင့်ရောဂါတွေကြောင့် ၃၃ ဦးသေဆုံးခဲ့တယ်။

သုံးမိုင်ကျွန်းဓါတ်ရောင်ခြည်ပျံ့နှံ့မှု
ယူနိုက်တက်စတိတ်က သုံးမိုင်ကျွန်း(Three Mile Island)မှာ အအေးပေးစနစ်ချို့ယွင်းခဲ့ပြီး ပင်မအဏုမြူဓါတ်ပေါင်းအိုး တစိတ်တပိုင်းအပူလွန်ကဲကာ ၁၉၇၉ မတ်လ ၂၈ရက်နေ့မှာ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ Metropolitan Edison ကုမ္ပဏီပိုင် နျူကလီးယားစက်ရုံပါ၊ အဲဒီမတော်တဆမှုဟာ အမေရိကန်နျူကလီးယားလျှစ်စစ်စီးပွားဖြစ်ထုတ်လုပ်မှုသမိုင်းမှာ အထင်ရှားဆုံး ထိခိုက်မှုဖြစ်ခဲ့ပါတယ်။ ရေဒီယိုသတ္တိကြွဓါတ်ငွေ့အဆင့် 481 PBq -13 million curie အထိမြင့်တက်ခဲ့တယ်။ အမေရိကန်နိုင်ငံရဲ့ အပြင်းထန်ဆုံးဓါတ်ရောင်ခြည်ယိုစိမ့်မှုကြောင့် ဒေသခံ ၁၅၀၀၀၀ခန့် ကို ဖိအားပေးနေရာရွှေ့ပြောင်းစေခဲ့ပါတယ်။ တိုက်ဆိုင်ခဲ့တာက ဂျိန်းဖောင်ဒါသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်The China Syndrome ပြသခဲ့ပြီး ၁၂ရက် အကြာမှာ အဲဒီနျူကလီးယားစက်ရုံမတော်တဆမှု ဖြစ်ပွားခဲ့တာပါ၊ အဲဒီရုပ်ရှင်မှာ ဂျိန်းဖောင်ဒါနဲ့ ဓါတ်ပုံဆရာ မိုက်ကယ်ဒေါက်ဂလပ်စ်တို့ဟာ အဓိကနျူကလီးယားစက်ရုံကြီးရဲ့ လုံခြံရေးစနစ်ပေါ့လျော့မှုတွေနဲ့ ဓါတ်ရောင်ခြည်ယိုစိမ့်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြပုံတွေ ရိုက်ကူးထားပါတယ်။

Tomsk 7 နျူကလီးယားစက်ရုံတွင်းပေါက်ကွဲမှု
၁၉၉၃ ဧပြီ ၆ရက်နေ့မှာ ရုရှားနိုင်ငံအလယ်ပိုင်း ဆိုက်ဘေးရီးယန်းဒေသ Tomsk 7 နျူကလီးယားစက်ရုံအဆောက်အဦးက ကန်အတွင်းနိုက်ထရစ်အက်စစ်နဲ့ ဆေးကြောရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ရေဒီယိုသတ္တိကြွဓါတ်ငွေ့တွေပါဝင်တဲ့ တိမ်တိုက်ကြီးတွေ ဖြစ်ပေါ်ခဲ့တယ်လို့ဆိုတယ်။ တိုင်းမ်မဂ္ဂဇင်းက “အဆိုးဝါးဆုံးနျူကလီးယားဘေးအနန္တရာယ် ၁၀ ခုထဲက တစ်ခု” လို့ ဖော်ပြခဲ့ပါတယ်။ ၁၀စတုရန်းကီလိုမီတာဒေသမှာ ရေဒီယိုသတ္တုကြွပစ္စည်းတွေ တွေ့ရှိခဲ့ကြပြီး အနီးအနားက ရွာတွေပြောင်းရွှေ့ခဲ့ကြရတယ်။

ဂျပန် တိုကာအီရွာက နျူကလီးယားလောင်စာစက်ရုံ
၁၉၉၉ စက်တင်ဘာ ၃၀ မှာ ဂျပန်နိုင်ငံ အီဘာရာကီဒေသ တိုကာအီရွာက နျူကလီးယားလောင်စာစက်ရုံပေါက်ကွဲမှုကြောင့် အလုပ်သမားနှစ်ဦးသေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဓါတ်ရောင်ခြည်သင့်ခဲ့ကြတယ်။ ဒေသခံတွေပြောင်းရွှေ့စေခဲ့ပါတယ်။

မီဟားမားလျှပ်စစ်စက်ရုံ
၂၀၀၄ သြဂုတ်လ ၉ ရက်နေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်ဘက် ၃၅၀ကီလိုမီတာအကွာမှာရှိတဲ့ ကန်ဆာအီလျှပ်စစ်စွမ်းအင်ကုမ္ပဏီပိုင် မီဟားမားနျူကလီးယားစွမ်းအင်စက်ရုံရဲ့ နံပါတ် ၃ အဏုမြူဓါတ်ပေါင်းဖို က ရေနွေးငွေ့စိမ့်ထွက်ခဲ့ပြီး စက်ရုံအလုပ်သမား ၄ ဦးသေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

တခြား နျူကလီးယားပျံ့နှံ့မှုနဲ့ ဓါတ်ရောင်ခြည်သင့်မှုတွေရှိသေးပါတယ်။
ပြင်းထန်တဲ့ပေါက်ကွဲမှုတွေလောက်ပဲရေးလိုက်တာဖြစ်ပြီး အသေးစိတ်သိချင်ရင် စစ်တပ်ပိုင်းနျူကလီးယားမတော်တဆမှုတွေ - ကို http://en.wikipedia.org/wiki/List_of_military_nuclear_accidents မှာကြည့်ရှုနိုင်ပြီး အရပ်သားနျူကလီးယားမတော်တဆမှုတွေ ကိုတော့ http://en.wikipedia.org/wiki/List_of_civilian_nuclear_accidents မှာ အသေးစိတ် ဖတ်ကြည့်နိုင်ပါတယ်။

နျူကလီးယား လျှပ်စစ်စွမ်းအင်စက်ရုံ (Nuclear Power Plant-NPP)

NPP တွေဟာ လျှပ်စစ်စွမ်းအင်အတွက် အရေးကြီးတဲ့အရင်းအမြစ်ပါပဲ၊ ကမ္ဘာတ၀ှမ်းမှာ NPP ပေါင်း၄၀၀ ကျော်ရှိနေပါပြီ၊ တကမ္ဘာလုံးရဲ့ လျှပ်စစ်စွမ်းအင်၁၇ ရာခိုင်နှုန်းကို NPPတွေကရရှိကြတယ်။ ပြင်သစ်နိုင်ငံမှာဆို ၇၅ရာခိုင်နှုန်းခန့် NPP တွေကနေထုတ်လုပ်ရရှိပါတယ်။ ဆလိုဗေးနီးယားနိုင်ငံက ခရစ်ရှ်ကိုနူကလီးယားလျှပ်စစ်စက်ရုံ(Krško Nuclear Power Plant) ဟာ ဆလိုဗေးနီးယားနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် ၄၀ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးနေတယ်။ နျူကလီးယားနည်းပညာဟာ ၁၉၅၀ခုနှစ်လောက်မှာ စတင်ခဲ့တယ်လို့ဆိုပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ နျူကလီးယားစက်ရုံတွေရဲ့ ဆိုးကျိုးတွေသိရှိလာကြပြီးတဲ့နောက် အန္တရာယ်များလှတဲ့ နျူကလီးယားနည်းပညာအသုံးပြုမှုတွေ လျှော့ချစေဖို့ ကြိုးစားလာကြပါတယ်။ သုံးမိုင်ကျွန်းနဲ့ ချာနိုဘိုင်းပေါက်ကွဲမတော်တဆဖြစ်မှုတွေ နောက်ပိုင်းမှာ နျူကလီးယားနည်းပညာဟာ လူသားတွေရဲ့ ငြင်းပယ်စရာကိစ္စရပ်ကြီးအဖြစ် နာမည်ဆိုးနဲ့ထင်ရှားလာခဲ့တယ်။ ဘယ်လိုပဲ နာမည်ဆိုးလာနေတဲ့ နျူကလီးယားနည်းပညာဖြစ်နေပါစေ နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုဟာ ပုံမှာမြင်ရတဲ့အတိုင်း နှစ်စဉ် တရိပ်ရိပ်တက်နေခဲ့တာဟာ ၂၀၁၅မှာ အမြင့်ဆုံးအနေအထားဖြစ်နေပါတယ်။ နောက်နှစ်အနည်းငယ်အတွင်း နူးကလီးယားစက်ရုံသစ်တွေပြီးစီးကာ စတင်လည်ပတ်ကြဦးမယ့်သဘောပါပဲ။
Krško Nuclear Power Plant

NPP အမျိုးကွဲများ
NPP တွေဟာ အသုံးပြုတဲ့ အဏုမြူဓါတ်ပေါင်းဖို(Nuclear Reactor) မှာမူတည်ပြီး အမျိုးအစားကွဲကြပါတယ်။ အသုံးများတဲ့NPP အမျိုးအစားတွေကတော့ -


ရေဖိအားသုံး ဓါတ်ပေါင်းဖို(Pressurized Water Reactor –PWR)





ရေဆူဓါတ်ပေါင်းဖို(Boiling Water Reactor – BWR)


ဓါတ်ငွေ့အအေးခံဓါတ်ပေါင်းဖို(Gas Cooled Reactor – GCR) နဲ့ ဓါတ်ငွေ့အများအပြားအအေးခံဓါတ်ပေါင်းဖို(Advanced Gas Cooled Reactor - AGR)


(Gas Cooled Reactor – GCR)


Advanced Gas Cooled Reactor - AGR


ရေပျော့အအေးခံ ခဲ(ဂရက်ဖိုက်) အသင့်အတင့်ဓါတ်ပေါင်းဖို (Light Water Cooled Graphite Moderated Reactor – LWGR)


ရေပမာဏများများဖိအားသုံးအသင့်အတင့်ဓါတ်ပေါင်းဖို (Pressurized Heavy Water Moderated Reactor - PHWR)
တို့ဖြစ်ကြပါတယ်။

(moderate ဆိုတဲ့အသုံးအနှုံးဟာ မနှေးမမြန်၊ မပျော့လွန်း မပြင်းလွန်းကို ဆိုလိုချင်တာဖြစ်ပါလိမ့်မယ်။ ပညာရပ်ဆိုင်ရာစကားအခေါ်အဝေါ်တွေကို နားမလည်တဲ့အတွက်နာမည်တွေ ဖတ်ရတာလွဲမှားတာမျိုးဖြစ်နေပါတယ်။ နားလည်ပေးစေလိုပါတယ်ရှင်။)

ကမ္ဘာတစ်ဝှမ်းက NPP တွေ
ဂျပန်နိုင်ငံမှာ လတ်တလောလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ကြတဲ့ Fukushima I Nuclear Power Plant နဲ့ Fukushima II Nuclear Power Plant တို့ဟာ ရေဆူဓါတ်ပေါင်းဖို(BWR) အမျိုးအစားဖြစ်ပါတယ်။ နျူကလီးယားဓါတ်ရောင်ခြည်တွေဟာ ကမ္ဘာကြီးအတွက် အန္တရာယ်ကြီးလှပါတယ်။ အဲဒီစက်ရုံတွေ လည်ပတ်အလုပ်လုပ်ပုံတွေကို ပြင်းထန်တဲ့ဂျပန်ငလျင်နောက်ပိုင်းမှာ အားလုံးက စိတ်ဝင်တစား သိချင်လာကြတယ်။ သတင်းတွေမှာ ရှာဖတ်လာကြတယ်။ သတင်းတွေမှာရေးသားဖော်ပြလာကြပါတယ်။


Fukushima I



Fukushima II

နျူကလီးယားစက်ရုံတစ်ရုံထဲကို အလည်သွားချင်တဲ့ သူတွေအတွက်  အန္တရာယ်အခန်းတွေကို တစ်ခုစီသွားကြည့်တဲ့အခါ ......

အတွင်းကိုမ၀င်ခင် ...
အများအားဖြင့် နျူကလီးယားစက်ရုံတ၀ိုက် ကန့်သတ်ဧရိယာအပါအ၀င် ဧက၅၀၀၊ ၁၀၀၀ခန့်ဟာ အင်မတန်အရေးကြီးတဲ့နေရာတွေပါပဲ။

Containment သို့မဟုတ် Drywell အဆောက်အဦး(ဓါတ်ပေါင်းဖိုထည့်သွင်းထားရတဲ့အခန်း)
ဖိအား 50psi(50 pounds per square inch) ကိုထိန်းသိမ်းထားနိုင်တဲ့အဆောက်အဦးအဖြစ် တည်ဆောက်ရပါတယ်။ ပုံမှန်အားဖြင့် ဓါတ်ပေါင်းဖိုနဲ့ ဆက်နွယ်နေတဲ့အအေးပေးစနစ်လည်ပတ်နေတဲ့ အခန်းတွေဟာ ရေဒီယိုသတ္တိကြွအရည်တွေမြင့်မားစွာပါဝင်တယ်။ အဆောက်အဦးကို စတီးလ်တွေနဲ့ တည်ဆောက်ပါတယ်။ တခါတရံ ဖိအား 3psi(3 pound per square inch) ထက် နိမ့်တဲ့ ပမာဏဆိုရင် ကွန်ကရစ်သားနဲ့လည်းဝန်းရံတည်ဆောက်ပါတယ်။ PWR(Pressurized Water Reactor) တွေဟာ BWR(Boiling Water Reactor)တွေထက် ဆယ်ဆပိုကြီးလေ့ရှိတယ်။ အမိုးလုံးကြီးက ၂ပေခွဲခန့်ထူပြီး အောက်ခြေက ၁၂ပေခန့်ထူထဲရပါတယ်။ containment ဟာ ကွဲထွက်လာနိုင်တဲ့ ပစ္စည်းတွေကိုတားဆီးထားတဲ့ တတိယမြောက်အကာအရံအတားလည်းဖြစ်ပါတယ်၊ BWR တွေမှာတော့ drywell ဟာ ဓါတ်ပေါင်းဖိုအဆောက်အဦးထဲမှာရှိပါတယ်။

Auxilliary(အရံအခန်း)သို့မဟုတ် ဓါတ်ပေါင်းဖိုအဆောက်အဦး
ဓါတ်ပေါင်းဖို အရံအဆောက်အဦးဟာ containment နဲ့ တသီးတခြားစီရှိပါတယ်။ အထောက်အပံ့ပြုတဲ့ကိရိယာတွေပါဝင်တဲ့အိမ်လေးပါ၊ အဲဒီအိမ်မှာ ရေဒီယိုသတ္တိကြွအရည်တွေ၊ ဓါတ်ငွေ့တွေ ပါဝင်နေနိုင်ပါတယ်။ အရေးပေါ်ကိရိယာတွေကိုလည်း ပုံမှန်အားဖြင့် ဒီအဆောက်အဦးမှာ ထားရှိကြပါတယ်။

Turbine အဆောက်အဦး
တာဘိုင်အဆောက်အဦးမှာ တာဘိုင်(ယန္တရား)၊ ဂျင်နရေတာ(လျှပ်စစ်ဓါတ်၊ ရေနွေးငွေ့၊ ဓါတ်ငွေ့ထုတ်ပေးသောစက်)၊ ငွေ့ရည်ဖွဲ့စေတဲ့စက်(condenser)၊ နဲ့ ရေအားနဲ့လည်ပတ်တဲ့ ရေနွေးငွေ့ဂျင်နရေတာစနစ်တွေပါဝင်တယ်။
http://www.nucleartourist.com/images/tb_bldg1.jpg
တာဘိုင်ခန်းတွေမှာ သတ္ထုတွေချိတ်ဆက်ဖွဲ့စည်းထားတဲ့အခန်းတွေဖြစ်ပြီး အလုပ်လုပ်ပုံကတော့ ၁. တာဘိုင်၊ ဂျင်နရေတာတွေက ချောဆီလည်ပတ်မှုနဲ့ အအေးပေးစနစ်တွေကို အထောက်အပံ့ပေးပါတယ်။ ၂. ငွေ့ရည်ဖွဲ့စက်နဲ့ ရေအားလည်ပတ်တဲ့စနစ်တွေကတော့ ရေကို ရေနွေးငွေ့ဂျင်နရေတာတွေဆီ ပို့ဆောင်သယ်ယူပေးတယ်။ ၃. ရေပေးဝေဖြန့်ချီမှုမှာ ငွေ့ရည်ဖွဲ့စက်တွေဆီ အသွားအပြန်ရေတွေလည်ပတ်သွားလာစေတယ်။ ၄. လျှပ်စစ် အဖွင့်အပိတ်ဂီယာအခန်းတွေကတော့ လျှပ်စစ်ဓါတ်အားကို စက်ရုံအစိတ်အပိုင်းတွေဆီ ပို့လွှတ်ပေးတယ်။ ၅. သတ္ထုရေပြန်လည်သန့်စင်စနစ်မှာတော့ သန့်စင်တဲ့ရေကို အအေးပေးစက်ကိရိယာအစိတ်အပိုင်းတွေဆီ ပို့လွှတ်ပေးတယ်။ ၆. ထိန်းချုပ်ခန်း စသဖြင့် အသီးသီးလည်ပတ်နေပါတယ်။ အပြင်ဘက်မှာ ထရန်စဖော်မာတွေရှိမယ်၊ လျှပ်စစ်ကို စက်ရုံဆီဖြစ်ဖြစ်၊ စက်ရုံကနေအပြင်အဆောက်အဦးတွေဆီဖြစ်ဖြစ် ထောက်ပံ့ပို့လွှတ်ပေးတာတွေလုပ်နိုင်ပါတယ်။ တချို့ ယူနိုက်တက်စတိတ်က PWR စက်ရုံတွေမှာ ဆောက်လုပ်နေကြအမိုးတွေနဲ့ နံရံတည်ဆောက်မှုတွေမပါရှိပါဘူး၊
အထူးသဖြင့် ရာသီဥတုမပြင်းထန်တဲ့ ကာရိုလိုင်းနာ၊ လူဝီစီယားနားနဲ့ ကယ်လီဖိုးနီးယားမှာ အဲဒီလို စက်ရုံဆောက်လုပ်မှုမျိုးတွေ့နိုင်ပါတယ်။ ဥပမာ တောင်ကယ်ရိုလိုင်းနားမှာရှိတဲ့ ရော်ဘင်ဆန်စက်ရုံ၊ လူဝီစီယားနားက ၀ါးတားဖို့ဒ် နဲ့ ကယ်လီဖိုးနီးယားက ဆန်အွန်နော့ဖရီစက်ရုံတွေဖြစ်ကြတယ်။



အ၀င်ခန်း သို့မဟုတ် Screenhouse
http://www.nucleartourist.com/images/cwp12.jpg
Circulating water pumps

http://www.nucleartourist.com/images/210_condenser.jpg
condenser
ဒီအဆောက်အဦးကတော့ ရေစုပ်စက်တွေလည်ပတ်စေပါတယ်။ condenser တွေကိုအအေးပေးပို့အတွက် မြစ်၊ ချောင်း၊ ရေကန်တွေဆီက ရေကိုစုတ်ယူလည်ပတ်စေတဲ့အခန်းပါ၊ အမှိုက်သရိုက်စင်တွေနဲ့ လည်ပတ်နေတဲ့ ဇကာတွေပါရှိပြီး ရေထဲမှာပါလာတဲ့ပစ္စည်းတွေကိုစစ်ပေးကာ ရေကိုသန့်စင်စေတယ်။ အဲဒီရေတွေဟာ condenser ပြွန်တွေဆီသွားမှာဖြစ်တဲ့အတွက် သန့်စင်ဖို့ အရေးကြီးပါတယ်။ ဓါတုဓါတ်ပေါင်း ထည့်ပေးတဲ့စနစ်လည်းပါရှိတယ်၊ ဥပမာ hypobromous သို့မဟုတ် ကလိုရင်း ပေါင်းထည့်ပေးပြီး ပိုက်လုံးတလျှောက်ရေသွားလာလည်ပတ်ရာမှာ ပါဝင်ကပ်ငြိလာတဲ့ ရေညှိတွေကို ဖယ်ရှားပေးပါတယ်။

လောင်စာအဆောက်အဦး
containment နဲ့ တသီးတခြားစီပဲတည်ရှိပါတယ်၊ စတီးစင်မှာ စီစီရီရီရှိနေကြတဲ့ လောင်စာတွေကိုလောင်ကျွမ်းစေတဲ့အခန်းပါ၊ သိုလှောင်ကန်က ပေ ၄၀ခန့်အနက်ရှိပါတယ်။ အဲဒီသိုလှောင်ကန်ထဲမှာ စတီးစင်တွေရှိကြပြီး အဲဒီစတီးစင်တွေပေါ်မှာ လောင်စာချောင်းတွေထည့်ထားပြီး အပူစွမ်းအင်ကိုထုတ်ယူတာပါ၊ အက်တွန်တစ်ခုရဲ့ဗဟိုအူတိုင်ကွဲထွက်တဲ့အခါ နျူကလီယားကွဲပွားခြင်းဖြစ်လာပါတယ်။ အက်တွန်တွေဘီလီယံပေါင်းများစွာ၊ ထရီလီယံပေါင်းများစွာ ဓါတ်ပေါင်းဖိုထဲထည့်ပြီးပေါင်းတဲ့အခါ ပြင်းထန်တဲ့ လျှပ်စစ်အပူစွမ်းအင်ကိုရရှိစေပါတယ်။ အဲဒါဟာ နျူကလီးယားဓါတ်ပေါင်းဖိုရဲ့အခြေခံကျတဲ့အလုပ်ပါပဲ၊ PWR တွေမှာ အချင်း ၁ စင်တီမီတာလောက်ရှိတဲ့ ဆလင်ဒါပုံဂေါ်မုတ်ဓါတ်ပေါင်းပြွန်အစည်းထဲမှာ ယူရေနီယံ လောင်စာချောင်းတွေထည့်ပြီး ဟီလီယမ်ဓါတ်ငွေ့ဖြတ်ပေးတဲ့အခါ အပူစွမ်းအင်ကိုရရှိတယ်။ လောင်စာစည်းတစ်ခုမှာ လောင်စာချောင်း ၁၇၉-၂၆၄ ချောင်းခန့်ထည့်ကြပြီး ဓါတ်ပေါင်းဖိုတစ်ခုမှာ ဂေါ်မုတ်ဓါတ်ပေါင်းလောင်စာအစည်း ၁၂၁ကနေ ၁၉၃စည်းအထိထည့်သွင်းပါတယ်။ PWR လောင်စာစည်းတွေဟာ ၄မီတာလောက်အရှည်ရှိကြတယ်။

ဒီဇယ်ဂျင်နရေတာအဆောက်အဦး
ဒီဇယ်ဂျင်နရေတာအခန်းကတော့ လေ၊ ရေ၊ ရေဒီရေတာပန်ကာ၊ လောင်စာဆီ၊ ချောဆီ၊ လေအေးပေးစနစ်နဲ့ လေသန့်စင်စနစ်တွေအတွက် အလုပ်လုပ်ပါတယ်။ တချို့အခြေအနေတွေမှာ ဒီဇယ်ဂျင်နရေတာလည်ပတ်ခြင်းအားဖြင့် လျှပ်စစ်ဓါတ်ထုတ်ပေးပြီး လျှပ်စစ်ဓါတ်ကိုလွှဲပြောင်းအသုံးချစေတယ်။ ဒီဇယ်ဂျင်နရေတာဟာ လျှပ်စစ်ဓါတ်ကို အရေးပေါ်အသုံးလိုတဲ့အခါ အသုံးပြုအောင် အကူထားတဲ့လျှပ်စစ်စွမ်းအင်ဖြစ်ပါတယ်။
တချို့စက်ရုံတွေမှာ သီးခြားအဆောက်အဦတွေအဖြစ်ထားကြတဲ့အခန်းတွေက
• ရေသန့်စင်စနစ်အတွက်
• ရေဒီယိုသတ္ထိကြွစွန့်ပစ်ပစ္စည်းတွေကို သန့်စင်သိုလှောင်ပေးတဲ့စနစ်အတွက်
• အအေးပေးမျှော်စင်ရေစုပ်စက်တွေကို အအေးပေးမျှော်စင်တွေဆီ ရေစုပ်တင်ပေးနိုင်အောင် အသုံးပြုတယ်။ မြစ်အနီးအနား၊ ကန်ငယ်လေးတွေအနားမှာရှိနေတဲ့ လျှပ်စစ်စက်ရုံတွေမှာ အအေးပေးမျှော်စင်တွေကို မကြာခဏအသုံးပြုကြတယ်။ အဲဒီအတွက် ငါးတွေကို အပူဓါတ်လွှတ်ထုတ်ပေးတဲ့ ရေတွေနဲ့ ထိတွေ့မှုနည်းပါးစေပါတယ်။
• ထိန်းချုပ်ခန်း လျှပ်စစ်ကြိုးတွေနဲ့ လေသန့်စင်စနစ်တွေအတွက်
• စီမံခန့်ခွဲမှုအတွက်
• လုံခြုံရေးအတွက် ဆိုပြီး အဆောက်အဦးတွေ သီးခြားစီရှိကြပါသေးတယ်။

တကယ်တမ်းတော့ နျူကလီးယားစက်ရုံတစ်ရုံအလည်သွားဖို့ဟာ သာမန်လူတွေအတွက် မလွယ်ကူပါဘူး။
နျူကလီးယားစွမ်းအင်စက်ရုံတစ်ရုံ ကို အလည်သွားတော့မယ်ဆိုရင် လုံခြုံရေးအဆောက်အဦးမှာ ကိုယ့်ပုံပါတဲ့ ID ကတ်ကိုပြရပါမယ်။
ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းပါ၊ မပါ စစ်ဆေးလိမ့်မယ်။
သတ္ထု ပါ၊ မပါစစ်ဆေးမယ်။
လျှပ်စစ်စက်ကွင်းဝင်ရောက်နိုင်တဲ့ motion sersor နဲ့ အချက်ပေးကိရိယာတွေပါ၊ မပါစစ်ဆေးပါဦးမယ်။
စစ်ဆေးတဲ့ကိရိယာက သတ္ထုတစ်ခုခု၊ ဒါမှမဟုတ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတစ်ခုခုစစ်ဆေးတွေ့ရှိတာနဲ့ အလန့်တကြားဖြစ်ရလောက်အောင် အချက်ပေးသံထွက်ပေါ်လာပါလိမ့်မယ်။
ကွန်ပျူတာနဲ့ ထိန်းချုပ်ထားတဲ့ တံခါးတွေကို ၀င်ဖို့အတွက် keycard လိုပါမယ်။
လက်ဖ၀ါးကိုစစ်ဆေးတဲ့စက်မျိုးနဲ့ ဖွင့်ရတဲ့ကွန်ပျူတာထိန်းချုပ်တံခါးတွေလည်းရှိနေပါမယ်။
သံဆူးကြိုးတွေ၊ ဓါးသွားလိုထက်နေတဲ့ ၀ါယာကြိုးတွေခြံစည်းရိုးအကာအရံတွေ အထပ်ထပ်ချထားပါလိမ့်မယ်။
မျှော်စင်ပေါ်မှာ လက်နက်ကိုင်တပ်သားတွေက အချိန်ပြည့် ကင်းလှည့် စောင့်ကြပ်နေကြပါမယ်။
ကွန်ကရစ်အကာအရံတွေစက်ရုံ အပြင်ဘက်ဆုံးမှာရှိနေကြမယ်။
ကင်မရာတွေ လည်းတပ်ဆင်ထားဦးမယ်။

ပထမဆုံး  ... နျူကလီးယားစက်ရုံကန့်သတ်နယ်မြေရောက်တာနဲ့ လက်နက်ကိုင်အစောင့်အကြပ်တွေက အရင်ဆုံးစစ်ဆေးတားဆီးမေးမြန်းပါလိမ့်မယ်။
အဲဒီတော့ အန္တရာယ်အခန်းတွေကို တစ်ခုစီကိုယ်တိုင်သွားကြည့်ဖို့ အခွင့်အရေးက အင်မတန်နည်းပါးလွန်းတဲ့အခါ စာမျက်နှာတွေပေါ်မှာပဲ လှည့်လည်ရင်း သွားကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

တစ်ကမ္ဘာလုံးက ကြောက်လန့်တကြားဖြစ်နေကြတဲ့ နျူကလီးယားစွမ်းအင်စက်ရုံတစ်ရုံကို အကြမ်းဖျဉ်းလည်ပတ်နိုင်စေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။

ဂျပန်နိုင်ငံသားတွေနဲ့ တကမ္ဘာလုံး နျူကလီးယားဘေးအနန္တရာယ်ဆိုးက ကင်းဝေးနိုင်ကြပါစေ။       ။

Ref : http://www.nucleartourist.com/areas/rxbldg.htm
        http://english.cntv.cn/20110313/103675.shtml
        http://en.wikipedia.org/wiki/List_of_nuclear_and_radiation_accidents_by_death_toll
        http://www.icjt.org/an/tech/jesvet/jesvet.htm

(၂၀၁၁ ဇူလိုင်လထုတ်  အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်းမှာ ဖော်ပြပြီးပါပြီ)