မီးခလုတ်ကိုဖွင့်တော့
ပိုပိုပြီး အမှောင်ထဲ ရေတွေပန်းထွက်ပေါ့
ဆံရှည်ကြီးကို
သတ်ဖြတ်ဖို့ ကြိုးစားတော့
ဘီရိုအောက်ကပင့်ကူ
ငါ့အသားကိုစားဖို့
စောင့်နေတော့တယ်
သူ့အမွေးကြီးတွေဟာ
ရေခဲတွေရဲ့ထုထည်အတိုင်း
မမြင်ရပေမဲ့
ဒါကိုတော့ ကောင်းကောင်းကြီးပြောနိုင်ပါတယ်
အရင်ကဆို
အမေဟာ ဆံပင်တွေဖြတ်ပစ်ပြီး ဆန်အိတ်တွေဝယ်လို့
အဲဒီတုန်းက
ဆံပင်တုံးတိနဲ့ အမေ့ပုံဟာ ရုပ်ဆိုးတယ်လို့ ထင်ခဲ့ပါတယ်
အခုတော့လည်း
နောက်တစ်မျိုးပြောင်းသွားပြန်တာပဲ
နောင်များလည်း
နောက်တစ်မျိုးထပ်ပြောင်းဦးမယ်
ဒါကိုတော့
သေချာပါတယ်
ငါ တဖြည်းဖြည်း
စမ်းလျှောက်သွားတယ်
ရေဟာ ဆံပင်တွေကြားကနေ
မျက်နှာ ဗိုက် တဖြည်းဖြည်းရွေ့
ဟုတ်တယ် ကတ်ကြေးတစ်ခုဖြစ်ဖြစ်
ရှာခြင်းပါ
နောက်တော့
အခန်းရဲ့ ကုတင်အောက်မှာ တွေ့တယ်
ညအိပ်အင်္ကျီအဝတ်ပေါ်မှာ
ချုပ်ရာတွေနဲ့
ကောက်ကိုင်လိုက်တော့
မီးခလုတ်ဖြစ်နေပြန်တယ်
ငါ ဖိချလိုက်တယ်
ငါ ဆံပင်တွေမရှိတော့ဘူး
ငါဖြတ်ပစ်လိုက်တဲ့ဆံပင်တွေလည်း မရှိတော့ဘူး
အဲဒါ ဘယ်မှာလဲ
ရေတွေကတော့
ပန်းထွက်နေတုန်းပဲ
ငါ ငေးမိတယ်
ငါ တတ်နိုင်တာ ဒါပဲ။ ။
ဆလိုင်းမြတ်နိုးသူ
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ