Oct 25, 2015

ချမ်းသာခြင်းရှုထောင့်၏ ဂုဏ်သိက္ခာနှင့် .....




 ဒေါက်တာထွန်းဝင်း



သမာအာဇီဝနည်းနဲ့ချမ်းသာတာဆိုရင် ဂုဏ်ရှိပါတယ်။  မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီး ဇောတိကဆိုရင်လည်း ဂုဏ်သရေကြီးမားလှပါတယ်။
          ချမ်းသာသူတွေဟာ
အများသူငါထက်ပို၍ အထက်တန်းကျကျ နေရတာဟာ သူတို့ရဲ့ ရှေးကုသိုလ်ပါ။  သို့သော် ယခုခေတ်မှာတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများပြီး မိုးလေဝသမမှန်၍ သူဌေးလူတန်းစား၊ လူလတ်တန်းစား၊ ဆင်းရဲသားအားလုံး သဘာဝပတ်ဝန်းကျင် မပျက်စီးရေးအတွက် သတိရှိသင့်တယ်လို့ ထင်မိပါတယ်။ Fresh News ဂျာနယ် အမှတ် ၁/ဝ၂၂ (၂၄/၈/၂ဝ၁၂) မှာ ၂၆ မြို့နယ်ရှိသော ဧရာဝတီ၌ ၂၄ မြို့နယ် ရေလွှမ်း တယ်လို့ ဆိုပါတယ်။

အဲဒီသတင်းကို ဖတ်ရှုပြီးတဲ့အချိန်မှာ ကျွန်တော်ဟာ ငယ်ငယ်က သင်ခဲ့ရတဲ့ စကားပြေတစ်ပုဒ်ကို သတိရမိပါတယ်။  စကားပြေကတော့
ပေါက်ပင် ဘာကြောင့်ကိုင်းရတယ်
ဗျိုင်းနားလို့ကိုင်းရတယ်
ဗျိုင်း ဘာကြောင့်နားရတယ်
ငါးပွက်လို့နားရတယ်
ငါး ဘာကြောင့်ပွက်ရတယ်
ချောင်းရေကြီးလို့ပွက်ရတယ်
ချောင်းရေ ဘာကြောင့်ကြီးရတယ်
မိုးရွာလို့ကြီးရတယ်
မိုး ဘာကြောင့်ရွာရတယ်
ဖားအော်လို့ရွာရတယ်
ဖား ဘာကြောင့်အော်ရတယ်
မြွေမျိုလို့အော်ရတယ်
မြွေ ဘာကြောင့်မျိုရတယ်
ငါ့ဝမ်းပူဆာမနေသာလို့ အော်ရတယ်။
ဒီတော့စဉ်းစားကြည့်ပါ။  မြွေတစ်ကောင်ရဲ့သမုဒ္ဒရာဝမ်းတစ်ထွာကြောင့် ပေါက်ပင်ကြီးကိုင်းသွားရပါတယ်။
          ဒီနေရာမှာ ပေါက်ပင်ကိုင်းတဲ့ကိစ္စ ခေတ္တရပ်နား ကျွန်တော့်ဇနီးအကြောင်း တင်ပြခွင့်ပြုပါ။  ကျွန်တော်တို့ ဇနီးမောင်နှံဟာ ခုနစ်လွှာအမြင့်တိုက်ခန်းမှာ နေကြရာတွင် ဇနီးသည်က တစ်နေ့တော့ တိုက်ခန်းကို ပါကေးခင်းရန် အကြံပြုပါတယ်။  ပါကေးသစ်သားဆိုတာ ကျွန်းသစ်တုံးလေးတွေပါ။  ဒါက ခင်းလိုက်ရင် တိုက်ခန်းက လှသွားတာပေါ့။  ဒါပေမဲ့ ကျွန်းတုံးကလည် တစ်လက်မသာထူလို့ ပါကေးပေါ်မှာ ဖျာခင်းပြီး တစ်ညလုံးအိပ်ရင်တော့ ဇက်ကြောတက်မှာပါ။  ခုတင်နဲ့အိပ်တာ အကောင်းဆုံးပါ။  တကယ်တော့ ပါကေးမရှိလည်း နေလို့ဖြစ်နေတာပဲ။  မလိုပါဘူးလို့ပြောတော့ ဇနီးသည်က ပါကေးခင်းကို ခင်းရမယ်ဆိုပြီး ပြောလာပါတယ်။  ဒါနဲ့ ကျွန်တော်ကလည်း အကြောင်းသိချင်လို့ ဇနီးသည်ကို ပြောသည်မှာ လင်မယားချင်း ဘာမှရှက်မနေပါနဲ့၊ ဘာကိစ္စ ပါကေးခင်း ချင်တာလဲ၊ ပွင့်ပွင့်လင်းလင်းပြောပါဆိုတော့ ဇနီးသည် ပြောတာက ပါကေးခင်းထားတော့ ဧည့်သည်လာရင် ကြွားပြီးသားဖြစ်တာပေါ့လို့ ဆိုပါတယ်။  ကျန်းမာရေးကြောင့် ပါကေးခင်းတာမဟုတ်၊ ကြွားချင်လို့ပါလို့ ဝန်ခံတယ်။  ပြီးတော့ သူကြွားချင်တာကို ဘယ်သူ့မှ ပြန်မပြောပါနဲ့ဆိုပြီး နှုတ်ပိတ်တယ်။  သို့သော်လည်း ဇနီးသည်က ဒီကိစ္စကို ဆောင်းပါးထဲထည့်မရေးဖို့ ကလောင်ပိတ်ရန် မေ့သွားခဲ့ပါတယ်။  ဒါကြောင့် ဆောင်းပါးအဖြစ်ပဲ ရေးလိုက်ပါတယ်။
          ဥရောပက မီလျံနာသူဌေးတွေက ကျွန်းသစ် ပရိဘောဂကို နှစ်ခြိုက်တယ်လို့ ကြားဖူးတယ်။  အဲဒါက လူသားရဲ့ ပုထုဇဉ်သဘာဝလို့ ကျွန်တော်ထင်တယ်။  ဒီတော့ ဒီလိုစကားပြေရေးချင်တယ်။
- ကမ္ဘာပေါ်မှာ ရေတွေဘာကြောင့်ကြီးရလဲ
- ရာသီဥတုတွေဖောက်ပြန်ပြီး မြစ်ချောင်းတိမ်ကောလို့ကွယ်
- ရာသီဥတုဖောက်ပြန်ပြီး မြစ်ချောင်းဘာလို့တိမ်ကောတယ်။  
- သစ်တောပြုန်းတီးလို့ကွယ်
- သစ်တောဘာကြောင့်ပြုန်းရတယ်
- ကျွန်းသစ်လိုချင်လို့ကွယ်
- ကျွန်းသစ်ဘာကြောင့်လိုရတယ်
- ပရိဘောဂအကောင်းစားအထူကြီးတွေလုပ်ဖို့ကွယ်
- ပရိဘောဂအကောင်းစားအထူကြီးတွေ ဘာကြောင့် လုပ်ရတယ်။
- ဂုဏ်ရှိချင်လို့ကွယ်
- ဂုဏ်ကိုဘာကြောင့်ရှိချင်တယ်
- ပုထုဇဉ်မို့ကွယ်
လို့ ဆိုရပါတော့မည်။  
          အထက်ပါစကားပြေလေးကို ဇနီးသည်ကိုရွတ်ပြတော့ ဇနီးသည်က ပါကေးခင်းချင်တယ် မပြောတော့ဘူး။  ကျွန်တော့်ရဲ့ဧည့်ခန်းက စားပွဲ၊ ဆက်တီ၊ ကုလားထိုင်တွေဟာ ပလတ်စတစ်ပရိဘောဂပါ။  ကျွန်တော့်ရဲ့စာအုပ်စင်ဟာလည်း ပလတ်စတစ်စာအုပ်စင်ပါပဲ။
          ဇနီးသည်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး တရား နည်းနည်းဟောပြီးတဲ့အခါ ကျွန်တော်ရဲ့သမီးငယ်က တစ်စခန်းထလာပြန်ပါတယ်။  ဘတ်စ်ကားစီးရတာကျပ်လို့ သူမအတွက် သင်္ဘောကျ ဆလွန်းကား လှလှလေးတစ်စီးလောက် ဝယ်ပေးပါလား ဖေဖေကြီးဆိုပြီး ဆိုလာပါတယ်။  ကားဈေးတွေကလည်း ဒလဟောထိုးကျနေတော့ လူလတ်တန်းစားတွေဝယ်စီးဖို့ လက်လှမ်းမီနေပါပြီ။  သို့သော် သေသေချာချာ လေ့လာကြည့်တော့ သမီးငယ်သွားတတ်တဲ့ နေရာတွေမှာ ဘတ်စ်ကားသိပ်မကျပ်ပါ။  အထူးကားကို ထိုင်ခုံစောင့်စီးရင်လည်းရတယ်။  Taxi နဲ့သွားလည်း ရပါတယ်။  ဒီတော့ သမီးငယ်ကို ရှင်းပြရတာကတော့ ကားတစ်စီးဝယ်ပြီးစီးရင် တစ်နေ့ ဓာတ်ဆီ ၁၂ ဂါလံ ကုန်မယ်။  ဓာတ်ဆီ ၁ ဂါလံစာ အင်ဂျင်မီးခိုးထွက်မယ်။  ဘတ်စ်ကားက တစ်နေ့ ဓာတ်ဆီ ၃ဝ စာလောင်ကုန်တယ် ဆိုပါစို့။  အဲဒီဘတ်စ်ကားကို လူ ၃ဝဝလောက်စီးတော့ မိမိကြောင့် ကုန်တဲ့ ဓာတ်ဆီက တစ်ဂါလံရဲ့ ၁ဝ ပုံ တစ်ပုံပဲရှိတယ်။  ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်ကကြည့်ရင် ဘတ်စ်ကားစီးတာ ဂုဏ်ရှိတယ်လို့ ပြောသော်လည်း ကိုယ်ပိုင်ကားပဲစီးချင်ကြောင်း တွင်တွင်ပြောနေပါတယ်။
          ဒါနဲ့ သမီးငယ်ကို တိုးတိုးတိတ်တိတ်မေးကြည့်ရတာကတော့ သမီးမှန်မှန်ဖြေစမ်း၊ သားအဖအချင်းချင်း မထိန်ချန်နဲ့၊ ဘာကြောင့် ဆလွန်းကားစီးချင်တာလဲလို့ ပြောတော့ သမီးငယ်က ဝန်ခံသည်မှာ တကယ်တော့ ဘတ်စ်ကားကျပ်တာ ဒီလောက်မဟုတ်ပါဘူး။  ကားလှလှလေးမောင်းပြီး ကြွားလုံးထုတ်ချင်လို့ပါလို့ ဝန်ခံတယ်။  ပြီးတော့ သူ ကြွားလုံးထုတ်တယ်ဆိုတာ ဘယ်သူ့ကိုမှ လျှောက်မပြောပါနဲ့ဆိုပြီး ကျွန်တော့်ကိုနှုတ်ပိတ်ထားသေးတယ်။  သူဟာ ကြွားလုံးထုတ်တတ်ကြောင်း ကောင်းကောင်းမွန်မွန်ဝန်ခံလို့ ဝန်ခံမှုကို အသိပြုတဲ့အနေနဲ့လည်းကောင်း၊ ကားဈေးတွေ ထိုးကျနေတာတစ်ကြောင်း ကားလှလှလေးတစ်စီး ဝယ်ပေးလိုက်ရပါတယ်။  သူမက ကားလှလှမောင်းပြီး ကြွားလုံးထုတ်နေချိန်မှာ ကျွန်တော်ကတော့ ဘတ်စ်ကားစီးပြီး ဂုဏ်ယူနေရပါတယ်။
          ဒီနေရာမှာ စကားမစပ် ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဘရက်ပစ်အကြောင်း နည်းနည်းတင်ပြချင်ပါတယ်။  ဘရက်ပစ်မှာ ကိုယ်ပိုင်လေယာဉ်ပျံရှိတယ်။  သူ့ရဲ့ လေယာဉ် ပျံသန်းမှုခရီးစဉ်ကိုမှတ်ထားပြီး သူ့ရဲ့ လေယာဉ်လောင်စာဆီ ဘယ်လောက်ကုန်တယ်။  သူ့လေယာဉ်ကြောင့် မီးခိုးတန်ချိန် ဘယ်လောက်လွှတ်ပြီးပြီလဲဆိုတာ ဘရက်ပစ်က တွက်ချက်ထားပါတယ်။  ပြီးတော့ အဲဒီမီးခိုးတွေကို ပြန်စုပ်ယူရန် သူက လိုအပ်တဲ့သစ်ပင်အရေအတွက်ကို တွက်ပြီး သူက သစ်ပင်ပြန်စိုက်တယ်။  အဲဒါ တစ်ဦးချင်းရဲ့ လူမှုရေးတာဝန် သိတတ်မှု Individual Social Responsibility လို့ ခေါ်တယ်။
          ဒီကိစ္စကို ကျွန်တော် လေးစားအတုယူပါတယ်။  ကျွန်တော့်ရဲ့ စာရေးစားပွဲက ကျွန်းသစ်နဲ့လုပ်ထားတဲ့စားပွဲလေးပါ။  ဒါပေမဲ့ သူများသုံးပြီးသား အဟောင်းစားပွဲလေးပါ။  ကျွန်တော့်သမီးနှစ်ယောက် အထက်တန်းကျောင်းသူဘဝက ကျွန်းနဲ့လုပ်တဲ့ စာကြည့်စားပွဲနှစ်ခု ဝယ်ပေးခဲ့တယ်။  အခု တော့ သူတို့က စားပွဲမလိုတော့လို့ တစ်လုံးကို ဘုန်းကြီးကျောင်းကိုလှူလိုက်ပြီး  တစ်လုံးကို ကျွန်တော့်ရဲ့ စာရေးစားပွဲလုပ်ထားတယ်။  ကျွန်တော်ဟာ စာရေးဆရာတစ်ဦး ဖြစ်ပေမယ့် စာရေးစားပွဲအသစ် ထပ်မဝယ်ပါဘူး။  ယခင်က ဝယ်ဖူးတဲ့ စာရေးစားပွဲနှစ်ခုအတွက် ကျွန်းပင်တစ်ပင်ရဲ့ အစိတ်အပိုင်းတချို့ကို စတေးခဲ့ရမှာပါ။  သစ်တောပြုန်းတီးတဲ့ကိစ္စမှာ ဒီစားပွဲနှစ်လုံးနဲ့ နည်းနည်းစီလေးတော့ သက်ဆိုင်ပါတယ်။  ဒီတော့ ကျွန်တော်လည်း ပြန်လည်ပေးဆပ်တဲ့ အနေနဲ့ ကျွန်တော့်ရဲ့အိပ်ခန်း ဝရန်တာနှစ်ခုမှာ ပန်းအိုးတွေ၊ ပန်းပင်တွေအပြည့် စိုက်ထားလိုက်ပါတယ်။
          ကျွန်တော့်သမီးအငယ်ကတော့ ကားတစ်စီးနဲ့ ကြွားလုံးထုတ်ရန် တစ်နေ့ ဓာတ်ဆီ တစ်ဂါလန်လောက် မီးခိုးငွေ့ထုတ်နေလို့ သူမကိုလည်း ပန်းပင်တွေ ပြန်စိုက်ခိုင်းလိုက်ပါတယ်။
          နိုင်ငံခြားသူဌေးကြီးတော်တော်များများဟာ ကိုယ်ပိုင်လေယာဉ်၊ ကိုယ်ပိုင်သင်္ဘောစီးကြတယ်။  အဲဒါကို ဂုဏ်လို့ယူဆတယ်။  ကျွန်တော့်သမီးငယ်ကလည်း ကိုယ်ပိုင် ကားလေးနဲ့ ကြွားလုံးထုတ်တာကို ဂုဏ်လို့ ယူဆတယ်။
          ဘရက်ပစ်ကတော့ သစ်ပင်စိုက်တာကို ဂုဏ်လို့ ယူဆတယ်။  ကျွန်တော့်အတွက် ဂုဏ်ဆိုတာကတော့ ကျွန်တော့်အိပ်ခန်းဝရန်တာက ပန်းအိုးလေးတွေပါ။  ကိုယ်ပိုင်ဂျက်လေယာဉ်စီးသူတွေ၊ ကျွန်းပရိဘောဂအ ကောင်းစားသုံးသူတွေကို အပြစ်မတင်လိုပါ။  သို့သော် သစ်ပင်ပြန်စိုက်ပေးရင်  ပိုကောင်းမယ်ထင်ပါတယ်။  ကမ္ဘာ ပေါ်မှာ လူသန်း ၇,ဝဝဝ ရှိရာ တစ်ယောက်ကို သစ်ပင် တစ်ပင်နှုန်းပြန်စိုက်ရင် သစ်ပင် သန်း ၇,ဝဝဝ ဖြစ်လာမှာပါ။

          ဒါဆိုရင် ဧရာဝတီတိုင်းဒေသကြီးမှာ ရေကြီးတဲ့ အဖြစ်မျိုး အနာဂတ်မှာ ဖြစ်တော့မှာ မဟုတ်ဘူးလို့ ဆိုချင်ပါကြောင်း။