Oct 25, 2015

ကမ္ဘာကြီးကို ပြောင်းလဲစေသော ရေကာတာများ


 စောမိုးမြင့်
ကမ္ဘာပေါ်မှာရှိတဲ့ ရေကာတာပေါင်းများစွာဟာ ကမ္ဘာ့လျှပ်စစ် ဓာတ်အားစုစုပေါင်းရဲ့ (၁/၆) ကို ထုတ်လုပ်ပေးသလို ကမ္ဘာ့စားနပ်ရိက္ခာ သီးပင်စားပင်တွေကို စိုက်ပျိုး ဖြစ်ထွန်းစေတဲ့ မြေဧရိယာစုစုပေါင်းရဲ့ (၁/၇) ကို ရေဖြည့်တင်းပေးပါတယ်။  
ဒါပေမဲ့ ဒီရေကာတာစုစုပေါင်းရဲ့ ရေလှောင် တမံ (Reservoir) တွေထဲမှာ သိုလှောင်ထားတဲ့ ရေဧရိယာဟာ အမေရိကန် ပြည်ထောင်စုက ကယ်လီဖိုးနီးယားပြည်နယ်အကျယ်အဝန်းနဲ့ ညီမျှတဲ့ စတုရန်းမိုင်ပေါင်း တစ်သိန်းခြောက်သောင်းသုံးထောင်ကျော် ကျယ်ဝန်းပြီး ရေလွှမ်းမိုးခံရလို့ မိမိတို့ဒေသကို စွန့်ခွာရတဲ့ ကမ္ဘာအရပ်ရပ်ရှိ လူဦးရေဟာ ဂျာမနီနိုင်ငံတစ်နိုင်ငံစာ လူဦးရေ (၈၂) သန်းကျော် ရှိနေပါတယ်။
ရေကြီးရေလျှံမှုကို ကာကွယ်ပေးခြင်း၊ စိုက်ပျိုးမြေများကို ရေပေးဝေခြင်း၊ လူသားများအတွက် လျှပ်စစ်ဓာတ်အားများထုတ်လုပ် ပေးခြင်းစတဲ့ ဂုဏ်ကျက်သရေရှိခြင်းနဲ့အတူ လူသားများ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ တောတောင်များ ပျက်သုဉ်းခြင်း၊ ရေအရည်အသွေး ဂုဏ်သတ္တိများ ကျဆင်းခြင်း၊ မြစ်ခြေဒေသ စိုက်ပျိုးမြေအရည် အသွေးကျဆင်းခြင်း၊ ရေနေ သတ္တဝါ များရဲ့ ဂေဟစနစ်ကို ပျက်စီးစေခြင်းစတဲ့ ဒုက္ခဝေဒနာများ ဒွန်တွဲနေတဲ့ ကမ္ဘာ ပေါ်ရှိ ရေကာတာကြီးငယ် ပေါင်း (၅၇,ဝဝဝ)ထဲက ကမ္ဘာ့မြေ မျက်နှာပြင်နဲ့ လူသားများရဲ့ နေထိုင်စားသောက်မှုတွေကို သိသိသာသာ ပြောင်းလဲစေခဲ့တဲ့ ကမ္ဘာ့ရေကာတာများကို အောက်မှာ ဖော်ပြထားပါတယ်။
         
(၁) နတ်ဘုံနတ်နန်းမြို့ကို မွေးဖွားပေးသောံသသလနမ ရေကာတာ
          အမေရိကန်ပြည်ထောင်စု ရော့ကီးတောင်တန်းမှာ မြစ်ဖျားခံပြီး အမေရိကန်ပြည်နယ်ပေါင်း (၇) ပြည်နယ်နဲ့ မက်ဆီကိုနိုင်ငံပြည်နယ်ပေါင်း (၂) ပြည်နယ်ကို ဖြတ်စီးပြီး ကယ်လီဖိုးနီးယားပင်လယ်အော်ထဲ စီးဝင်တဲ့ ကော်လိုရာဒို (ဃသူသမသိသ) မြစ်ဟာ အလျား (၁,၄၅ဝ) မိုင် ရှည်လျားပြီး ပျမ်းမျှရေစီးနှုန်း၊ ၅ဝဝ ကုဗမီတာ/ စက္ကန့်ရှိပါတယ်။  ရေကြီးရေလျှံမှုကို ကာကွယ်ဖို့နဲ့ လျှပ်စစ်ဓာတ်အားထုတ်ယူဖို့ နီဗာဒါပြည်နယ် မှာ အလျား (၁၂၄၄) ပေ၊ အမြင့် (၇၁၆) ပေရှိတဲ့ Hoover ရေကာတာကို (၁၉၃ဝ) ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး (၁၉၃၆) ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။  ပူပြင်းတဲ့ဒေသမှာ တည်ဆောက် ရတာဖြစ်လို့ ဒေသခံလူနီ (Red Indian) များအပါအဝင် လုပ်သားပေါင်း (၁ဝ၇) ဦး သေဆုံးခဲ့ရတဲ့ ဒီရေကာတာဟာ ရေလှောင်ကန် အလျား (၁၄ဝ) မိုင်ရှည်လျားပြီး အကျယ် ဆုံးနေရာမှာ (၂၉) မိုင်ကျယ်ဝန်းပါတယ်။  ရေလှောင် ဧရိယာ (၂၁၅ဝ) စတုရန်းမိုင်ရှိပြီး ကန်ရေ ပမာဏ (၄၄.၄) ကုဗမိုင် အလေးချိန်အားဖြင့် တန်ပေါင်း ဘီလျံ (၂ဝဝ)  ရှိပါတယ်။  ယနေ့ ကမ္ဘာ့အကြီးဆုံး ရေကာတာဖြစ်တဲ့ မဟာချောက်ကမ်းပါးကြီး (၃) ခု  (Three gorges dam) ထက် ရေလှောင်ပမာဏ (၄) ဆကြီးပါတယ်။  ဒီရေကာတာကြီးကြောင့် အမေရိကန်နိုင်ငံမှာ (၂၄၇) စတုရန်းမိုင် ကျယ်ဝန်းတဲ့ (Lake Mead)  ရေကန်ကြီး ဖြစ်ပေါ်လာပြီး ဒီရေကန်ကြီးထဲမှာ ကျွန်းပေါင်းများစွာနဲ့အတူ ဆာဒင်းငါးများ၊ မိချောင်းများ၊ ရေမြင်းများ မွေးမြူထားလို့ ကမ္ဘာ့ ခရီးသွားများ သွားရောက်အပန်းဖြေတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။  Hoover dam ကို ဆောက်လုပ်စဉ်က အလုပ်သမားပေါင်း (၂၁ဝဝဝ) ကျော် ပါဝင်လုပ်ကိုင်ခဲ့ ကြပြီး ဒီလုပ်သားများ နေထိုင်ခဲ့တဲ့ လုပ်သားမြို့တော်ဟာ အခုဆိုရင် ကမ္ဘာအရပ်ရပ်က လာရောက်အပန်းဖြေ၊ လောင်းကစားလုပ်ကြတဲ့ Las Vegas ဆိုတဲ့ ကမ္ဘာကျော် မြို့ကြီးအဖြစ် တိုးတက်ပြောင်းလဲ စည်ကားလို့နေပါတော့တယ်။  နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် (၂) သန်းဟာ ဒီ Hoover ရေကာတာကို လှေစီး၊ ငါးမျှား၊ အပန်းဖြေဖို့ လာရောက်ကြပါတယ်။
            ရေကာတာကြီးဟာ အမေရိကန်နိုင်ငံ ရဲ့ အနောက်တောင်ဘက်ဒေသက စက်မှုလုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးကို တိုးတက်လာအောင် အထောက်အကူပြုနိုင် ခဲ့ပေမယ့် ရေကာတာရဲ့အောက်ဘက် (မြစ်ကြေဒေသ) က ပေါကြွယ်ဝခဲ့တဲ့ ငါးသယံဇာတတွေ ပျောက်ကွယ်ကုန်ပါတယ်။  ရာသီဥတုမမှန်ကန်မှုကြောင့် ရေကာတာအတွင်း ရေဝင်ရောက်မှု မမှန်ကန်လို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမတည်ငြိမ်မှုတွေ ကြုံတွေ့နေရပါတယ်။

(၂) အာဖရိကတောင်ပိုင်းရဲ့ ဆင်းရဲမှုကို ရပ်တန့်စေသော Kariba ရေကာတာ
          ဇမ်ဘီယာကြေးနီသတ္တုသိုက်တွေကို တူးဖော်ဖို့ ကမ္ဘာ့ချေးငွေနဲ့ ဇမ်ဘီဇီ (Zambezi) မြစ်ပေါ်မှာ (၁၉၅ဝ) ခုနှစ်က တည်ဆောက်ခဲ့တဲ့ Kariba ရေကာတာဟာ ပေ (၁,၉ဝဝ) ရှည်လျားပြီး (၄၂ဝ) ပေ မြင့်ပါတယ်။  လုပ်သား ပေါင်း (၁ဝ,ဝဝဝ) နဲ့ (၉) နှစ်ကျော် တည်ဆောက်ခဲ့ရပြီး လုပ်သားပေါင်း (၃ဝဝ) သေကြေခဲ့ရပါတယ်။  ရေလှောင် ပမာဏ (၁၈၅) ကုဗကီလိုမီတာကို သိုလှောင်တဲ့ကာလမှာ ရစ်ခ်ျတာစကေး (၅) ထက်မြင့်တဲ့ ငလျင်ပေါင်း (၂ဝ) ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။  ထွက်ရှိလာတဲ့ လျှပ်စစ် ဓာတ်အား (၁,၇၂၆) မဂ္ဂါဝပ်ကို ဇင်ဘာဘွေနိုင်ငံနဲ့ ဇမ်ဘီယာနိုင်ငံတို့က ခွဲဝေယူပြီး ကြေးနီထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ သုံးစွဲခဲ့လို့ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ခဲ့ကြတာမို့ "ရဲရင့်တဲ့ ကမ္ဘာသစ်" လို့ ခေါ်ဆိုကြပေမယ့် ရေကာတာကြောင့် ပြောင်းရွှေ့နေထိုင်ခဲ့ကြရတဲ့ Tonga လူမျိုးပေါင်း (၅၇,ဝဝဝ) ကျော်ဟာ ယနေ့အချိန်အထိ ဆင်းရဲတွင်းက မလွတ်ကြ သေးပါဘူး။  ရေမြုပ်ဧရိယာက သားရဲတိရစ္ဆာန်ပေါင်း (၆,ဝဝဝ) ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။  (၂ဝ၁ဝ)   မတ်လ မိုးရွာသွန်းမှုကြောင့် ရေကာ တာ ရေတွေကို ဖွင့်ချလိုက်ရလို့ ရေကာတာအောက်မှာ ရှိတဲ့ မိုဇမ်ဘစ်နိုင်ငံရေဘေးကြုံခဲ့ရပါတယ်။  (၂ဝ၁၄) ခုနှစ် ဦးပိုင်းမှာ ရေကာတာရဲ့ အောက်ခြေပိုင်းကို စစ်ဆေး တဲ့အခါ စိတ်ချလုံခြုံမှုမရှိတာကိုတွေ့ရလို့ ရေကာတာ အောက်ပိုင်းက လူပေါင်း (၁၃ဝ,ဝဝဝ) ကို ရွှေ့ပြောင်းခဲ့ရ ပါတယ်။  ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုမမှန်တာတွေ၊ ငလျင်အန္တရာယ်အချိန်မရွေးကျရောက်လာနိုင် တာမို့ ရေကာတာအောက်ပိုင်းက လူသားပေါင်း (၃) သန်း ခွဲဟာ ဘေးအန္တရာယ်နဲ့ အချိန်မရွေး ကြုံတွေ့နိုင်ပါတယ်။

(၃) ခေတ်သစ်အိန္ဒိယရဲ့ ဘုရားကျောင်း Bhakra ရေကာတာ
          အိန္ဒိယနိုင်ငံ Himachal ပြည်နယ်နဲ့ ပန်ဂျပ် ပြည်နယ် နယ်စပ်မှာရှိတဲ့ Sutle မြစ်ပေါ်တည်ဆောက်ထား တဲ့ Bhakra ရေကာတာဟာ အရှည် (၁,၇ဝဝ) ပေ၊ အမြင့် (၇၄၁) ပေ၊ ရေလှောင်ဧရိယာ (၁၆၈) စတုရန်းကီလိုမီတာ။  ရေလှောင်ပမာဏ (၉.၃) ကုဗကီလိုမီတာရှိပါတယ်။  ရေလွှမ်းမိုးမှုကို ကာကွယ်ဖို့၊ လယ်ယာတွေရေပေးဝေဖို့နဲ့ လျှပ်စစ်ဓာတ်အား (၁၃၂၅) မဂ္ဂါဝပ် ထုတ်လုပ်ဖို့ အိန္ဒိယ နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် နေရူးလက်ထက် (၁၉၅၅) ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး လူသားများရဲ့ ကောင်းကျိုး အတွက် အကျိုးပြုဖို့ တည်ဆောက်ခဲ့တာမို့  ဘုရားကျောင်း ဒါမှမဟုတ် ဗလီကဲ့သို့ ကိုးကွယ်ရာဆိုပြီး ဝန်ကြီးချုပ် နေရူးက ခေါ်ဆိုသတ်မှတ်ခဲ့ပါတယ်။  နေရူးနောက် ဆက်ခံတဲ့ အစိုးရများရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့တာကြောင့် ရေကာတာအောက်ပိုင်းဒေသတွေမှာ ဆည်မြောင်းရေပေးဝေမှု မမှန်ကန်တာတွေ၊ မြေဩဇာဖြစ်ထွန်းစေတဲ့နှုန်း မြေပို့ချမှု လျော့နည်းလာတာတွေနဲ့ ကောက်ပဲသီးနှံအထွက်နှုန်း ကျဆင်းလာတာတွေ ကြုံတွေ့လာရပါတယ်။

(၄)  Rio Negro ၏ သင်္ချိုင်း (Chixoy ရေကာတာ)
          ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ (၉၄၄) သန်း ကုန်ကျခဲ့တဲ့ ဂွာတီမာလာ (Guatemala) နိုင်ငံ Chixoy ရေကာတာဟာ (၁၉၈၃) ခုနှစ်မှာ ပြီးစီးခဲ့ပြီး နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား (၁၅%) ကို ထုတ်လုပ်ပေးထား ပါတယ်။း အလျား (၂ဝဝ) မီတာ၊ အမြင့် (၉ဝ) မီတာရှိပြီး ရေလှောင်ဧရိယာ (၁၄ဝ,ဝဝဝ) ဟက်တာ၊ ရေလှောင်ပမာဏ သန်းပေါင်း (၄၆ဝ) ကုဗမီတာရှိပြီး၊ ဌာနေတိုင်းရင်းသားပေါင်း (၃,ဝဝဝ) ကျော်ဟာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။  ရေကာတာတည်ဆောက်တဲ့ကာလမှာ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရနဲ့ ဌာနေတိုင်းရင်းသားတွေကြား ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် Maya Achi လူမျိုး၊ ကလေး၊ မိန်းမ၊ ယောကျာ်းပေါင်း (၄ဝဝ) ကျော် အသက်ဆုံးရှုံးခဲ့ရလို့  Rio Negro ရဲ့ သင်္ချိုင်းလို့ ခေါ်ဆိုသမုတ်ကြပါတယ်။  နောင် တက်လာတဲ့အစိုးရရဲ့ ညှိနှိုင်းဆောင်ရွက်မှုကြောင့် ပြောင်းရွှေ့/ သေဆုံးသွားတဲ့ ဌာနေတိုင်းရင်းသားများကို အမေရိကန်ဒေါ်လာ (၁၅၄) သန်းနဲ့ ညီမျှတဲ့ ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ ဒေသမျိုးသစ်ပင်တွေနဲ့ သစ်တောတွေပြန်လည်ထူထောင်ပေးတာတွေ၊ နေအိမ်တွေ ပြန်ဆောက်လုပ်ပေးတာတွေ၊ ရေနဲ့ မိလ္လာစနစ်တွေ တည်ဆောက်ပေးတာတွေ၊ ရေအရည်အသွေးအာမခံချက်နဲ့ အရည်အသွေးထိန်းသိမ်းပေးတာတွေကို (၂ဝ၁၄) နှစ်ဦးပိုင်းကစပြီး လုပ်ပေးခဲ့ပါတယ်။

(၅) သေမင်းဖြစ်သွားသော  Banqiao ရေကာတာ
          စနစ်တကျ တည်ဆောက်ထားခြင်းမရှိတဲ့ ရေကာ တာတွေ၊ ထိန်းသိမ်းပြုပြင်မှု ပုံမှန်မလုပ်တဲ့ရေကာတာတွေဟာ ရုတ်တရက်ပြောင်းလဲလာတဲ့ ရေသိုလှောင်အားရဲ့ ဖိအားတွေကြောင့် ပြိုပျက်တတ်ပါတယ်။  တရုတ်နိုင်ငံက (၁၉၇၅) ခုနှစ်မှာ ပြိုပျက်ခဲ့တဲ့ Banqiao ရေကာတာကြီး ကြောင့် လူသား(၁၇၁,ဝဝဝ)ကျော် သေကြေခဲ့ပြီး၊ အဆောက် အဦပေါင်း (၅,၉၆ဝ,ဝဝဝ) ပြိုလဲပျက်စီးခဲ့ရပါတယ်။  လူသားပေါင်း (၁) သန်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒီရေကာတာဟာ (၁၉၄၉) ခုနှစ်နဲ့ (၁၉၅၁) ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ Huai မြစ်ရေကြီးမှုကို ကာကွယ် ဖို့ ဆိုဗီယက်ရုရှအကူအညီနဲ့  Ru မြစ်ပေါ်မှာ (၁၉၅၁) ခုနှစ်က စတင်တည်ဆောက်ခဲ့ပါတယ်။  ဇလဗေဒအချက် အလက်တွေ မပြည့်စုံတာရယ်၊ (၁၉၄၉)ခုနဲ့ (၁၉၅၁) ခု ရေကြီးခဲ့မှုကိုလေ့လာပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပြောင်းလဲလာနိုင်တဲ့ မိုးရွာသွန်းမှု အခြေအနေကို တွက်ဆပြီး ဇလဗေဒပညာရှင် Mr. Chen Xing  က ရေထွက်ပေါက် (၁၂) ခု ထားဖို့ အကြံပြုခဲ့တာကို ရုရှားပညာရှင်တွေက (၅) ခုသာ တည်ဆောက်ခဲ့ပါတယ်။  Mr. Chen Xing  ကိုယ်တိုင်လည်း ပြောင်းရွှေ့ခံခဲ့ရ ပါတယ်။  (၁၉၅၄) ခုနှစ်မှာ Huai  မြစ်ရေ တစ်ခါပြန်ကြီးလာတာမို့  ရေကာတာအမြင့်ကို မူလ (၂၄.၅) မီတာထက် (၃) မီတာ တိုးဆောက်ခဲ့ပါတယ်။  (၁၉၇၅) ခုနှစ် တရုတ်ပြည်ကို  jina တိုင်ဖွန်း ဝင်ရောက်လာပါတယ်။  တိုင်ဖွန်း ဝင်ရောက်မယ့်လမ်းကြောင်းနဲ့ လွတ်ကင်းတယ်လို့ တရုတ် မိုးလေဝသက ခန့်မှန်းချက် လွဲမှားခဲ့ပါတယ်။  တစ်နှစ်လုံး ရွာသွန်းရမည့်မိုးရေချိန်ကိုလည်း (၃) ရက်အတွင်း ရွာ သွန်းခဲ့လို့ Banqiao အထက်မှာ ရှိတဲ့ Shimanatan ရေကာတာကျိုးပေါက်ပြီး (၁ဝ၆၇) ဘီလျံကုဗမီတာရှိတဲ့  ရေလုံးကြီးဟာ (၅)နာရီခွဲအတွင်း Banqiao ရေကာတာဆီ ရောက်လာပါတယ်။  ရေကာတာမှာ တပ်ဆင်ထားတဲ့ ရေထုတ်ပေါက် (၅)ခုက နုန်းတွေပိတ်နေလို့ အချို့ ရေ တံခါးတွေ ဖွင့်မရဖြစ်၊ ရေကာတာကျိုးပေါက်ပြီး  Banqiao ရေကာတာဟာ ရေထု ၇၈ဝဝဝ ကုဗမီတာ/စက္ကန့် နှုန်းနဲ့ အထက်က Shimatan ရေကာတာက ရေနဲ့ပေါင်းပြီး စုစုပေါင်း (၁၅.၇) ဘီလျံ ကုဗမီတာ/စက္ကန့်နှုန်း စီးဆင်း လာပါတယ်။  ရေကာတာ (၂) ခုပေါင်းစီးဆင်းတဲ့ရေထုဟာ (၆) နာရီ အတွင်း သန်းပေါင်း (၇ဝဝ) ကုဗမီတာရှိပါတယ်။  (၁ဝ) ကီလိုမီတာ အရှည်ရှိတဲ့ လှိုင်းလုံးတွေဟာ (၇) မီတာအမြင့်၊ တစ်နာရီကို (၅ဝ) ကီလိုမီတာနှုန်းနဲ့ စီးဆင်း သွားတာ အရှည် (၅၅) ကီလိုမီတာ၊ အကျယ် (၁၅) ကီလိုမီတာ မြေပြင်ကို တိုက်စားသွားပါတယ်။  စတုရန်း မိုင်ပေါင်း(၄၆ဝဝ)ကျယ်ဝန်းတဲ့ ရေပင်လယ်ကြောင့် သောင်းဂဏန်း ရှိတဲ့ စစ်သည်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြိုးပမ်း ဆောင်ရွက်ခဲ့ပေမယ့်လည်း လူသားပေါင်း (၁၇၁,ဝဝဝ) ကျော် သေကြေခဲ့ရပါတယ်။
          (၂ဝဝ၈) ခုနှစ် တရုတ်နိုင်ငံ (ှငခ့ကေည) ငလျင် ဟာ အသစ်တည်ဆောက်ထားတဲ့ ဇငညစငညါက ရေကာတာ ရဲ့ ရေဖိအားကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ဘူမိဗေဒပညာရှင် များရဲ့ သုံးသပ်ချက်ကို အခြေခံပြီး တရုတ်နိုင်ငံတစ်ဝှမ်း (၁၉၅ဝ) ခုနှစ်က (၁၉၇ဝ) ပြည့်နှစ်အတွင်း တည်ဆောက်ခဲ့တဲ့ ရေကာတာပေါင်း (၈၇ဝဝဝ) ကျော်ထဲက ရေသိုလှောင် ပမာဏ (တစ်သောင်း) ကုဗမီတာကနေ (ကုဗမီတာတစ်သိန်း) ထဲရှိတဲ့ ရေကာတာတွေကို (၃) နှစ်မှ (၅) နှစ်အတွင်း ပြင်ဆင်ဖို့နဲ့ ရေသိုလှောင်ပမာဏ ကုဗမီတာ (၁) သိန်း အထက် ရေကာတာတွေကို (၂ဝ၁၂) ခုနှစ်အပြီး ပြန်လည် ပြင်ဆင်ဖို့ စီမံချက်ချဆောင်ရွက်ခဲ့ပါတယ်။  ပြိုကျသွားတဲ့ Banquia ရေကာတာကိုလည်း အရှည် (၁၂၂ဝဝ) ပေ၊ အမြင့် (၁၆၆) ပေ၊ ရေဝေရေလဲ (၂၉၇) စတုရန်းမိုင်၊ ရေလှောင်ပမာဏသန်းပေါင်း (၆၇၅) ကုဗမီတာ (၁၇၈ ဘီလျံဂါလံ) ပြန်ပြင်ဆောက်ပြီး ရေထွက်နှုန်း တစ်စက္ကန့်ကို (၁၅ဝဝဝ) ကုဗမီတာ၊ (တစ်စက္ကန့်ကို ၃.၉၆ ဂါလံသန်းပေါင်း) လွှတ်နိုင်တဲ့ ရေထွက်ပေါက်တွေကို ပြန်ပြင်ဆောက်ထား ပါတယ်။

(၆) အဂတိလိုက်စားမှုရဲ့ ပြတိုက်ဖြစ်သော Yacyreta ရေကာတာ
          ကြီးမားတဲ့ရေကာတာများဟာ စစ်အာဏာရှင်တွေ ကို လိုလိုလားလားဆောင်ရွက်လိုတဲ့ (နှစ်သက်တဲ့) ရင်းနှီး မြုပ်နှံမှုတွေ ဖြစ်တတ်ပါတယ်။  ပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့ စစ်အာဏာရှင်များရဲ့ ညံ့ဖျင်းတဲ့ စီမံအုပ်ချုပ်မှုတွေကြောင့် စီမံကိန်းတွေဟာ အဂတိလိုက်စားမှု၊ သတ်မှတ်အချိန်ထက် နောက်ကျပြီးစီးမှု၊ မူလခန့်မှန်းကုန်ကျစရိတ်ထက် များစွာ ကျော်လွန်တဲ့ ကုန်ကျစရိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။
          အာဂျင်တီးနားနိုင်ငံနဲ့ ပါရာဂွေးနိုင်ငံ နယ်ခြားမြစ် အနေနဲ့ စီးဆင်းနေတဲ့ Parana မြစ်ပေါ်မှာ (၁၉၈၃) ခုနှစ် က စတင်တည်ဆောက်ခဲ့တဲ့ Yacyreta ရေကာတာဟာ မူလကုန်ကျစရိတ် ဒေါ်လာ (၅.၆) သန်း ခန့်မှန်းခဲ့ပေမယ့် လည်း နှစ်နိုင်ငံစစ်အာဏာရှင်များရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ် စီမံခန့်ခွဲမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် (၁၉၉၃) ခုနှစ် ပြီးစီးတဲ့အခါမှာ ကုန်ကျစရိတ်ဟာ ဒေါ်လာ (၁၅) သန်းအထိ မြင့်တက်လာခဲ့လို့ အာဂျင်တီးနားသမ္မတတစ်ဦးက ဒီရေကာတာကြီးကို အဂတိလိုက်စားမှုရဲ့ပြတိုက်လို့ ခေါ်ဆိုခဲ့ပါတယ်။  မူလရေမျက်နှာပြင်ထက် (၂၁) မီတာ မြင့်တဲ့ ရေလှောင်ပမာဏဟာ (၁၆,ဝဝဝ) စတုရန်းကီလို မီတာကျယ်ဝန်းပြီး ကျွန်းပေါင်း (၃ဝဝ) နစ်မြုပ်သွားတဲ့အပြင် လူသားပေါင်း (၄ဝ,ဝဝဝ) ကျော်၊ တိရစ္ဆာန်မျိုးပေါင်း (၁၁ဝ)၊ ကောင်ရေ (၁၁,ဝဝဝ) ကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။  (၁၅၅) မဂ္ဂါဝပ် ဂျင်နရေတာ (၂ဝ) လုံး တပ်ဆင်ထားပေမယ့်လည်း ရေသိုလှောင်နိုင်မှုဟာ ရေလှောင်တမံရဲ့ မူလ ခန့်မှန်းခြေထက် (၇) မီတာ ရေလျော့နည်းနေတာမို့ မူလ ခန့်မှန်းလျှပ်စစ်ဓာတ်အားရဲ့ (၆ဝ%) သာ ထုတ်လုပ်နိုင်ပါတယ်။  ရေကာတာအတွင်း ရေမြင့်လာလို့ ယခင် ခြောက်သွေ့နေတဲ့ ကုန်းမြေတွေဟာ ရေအောက်ရောက်သွားလို့ ဓာတုဗေဒဖြစ်စဉ်ပြောင်းလဲမှုတွေကြောင့် ရေထဲ အောက်ဆီဂျင်ပါဝင်မှုဟာ လျော့ကျလာပါတယ်။  အလားတူ ရေကြောင့် ဝမ်းပျက်၊ ဝမ်းလျှော၊ သွေးလွန်တုပ်ကွေးရောဂါတွေ ခံစားလာကြရပါတယ်။  သစ်တောပြုန်းတီးသွားလို့ ကျွဲနွားတွေအတွက် စားကျက်ရှားပါးလာပါတယ်။
          ဒီရေကာတာကြီးရဲ့ ထူးခြားချက်ကတော့ (၁၂) ပေ ရေစူးရှိတဲ့ သင်္ဘောတွေ ဖြတ်သန်းလို့မရအောင် (၂၇ဝ) မီတာအကျယ်နဲ့ (၅) မီတာနက်တဲ့ ရေလုံတဲ့ တံခါးနဲ့ ငါးများစုန်တက်နိုင်ဖို့ ငါးလှေကား (fish lader) ထည့်သွင်းတည်ဆောက်ထားတာပါပဲ။  တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားနိုင်ဖို့ (၅၈ဝဝဝ) ဟက်တာကျယ်ဝန်းတဲ့ ဘေးမဲ့တောကို သတ်မှတ်စိုက်ပျိုးထားပြီး အပန်းဖြေခရီးသည်တွေ လာရောက်အပန်းဖြေဖို့ အပန်းဖြေစခန်းတွေ၊ ခေတ်မီဟိုတယ်တွေ တည်ဆောက်ထားပေးပါတယ်။

(၇) အရှေ့ဥရောပလူထုကို နိုးကြားစေသော Nagymaros  ရေကာတာ
          ရေကြီးရေလျှံမှုထိန်းဖို့၊ ရေကြောင်းသွားလာမှိုန်းသိမ်းဖို့နဲ့ သန့်ရှင်းတဲ့စွမ်းအင်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ ဟန်ဂေရီနိုင်ငံနဲ့ ချက်ကိုစလိုဗေးဘီးယားနိုင်ငံ တို့ဟာ Danu မြစ်ပေါ်မှာ ရေအားလျှပ်စစ်ထုတ်ဖို့ (၁၉၇၇) ခုနှစ်မှာ Butapest Treaty စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။  စာချုပ်အရ (၂) နိုင်ငံပိုင်နက်ထဲက Danu မြစ်ကို ရေလွှဲ တူးမြောင်းဖောက်ပြီး အပေါ်ပိုင်းမှာ လျှပ်စစ်ဓာတ်အား (၇၂ဝ) မဂ္ဂါဝပ်၊ တူးမြောင်းအောက်ဘက်မှာ (၁၅၈) မဂ္ဂါဝပ်ထုတ်ဖို့ သဘောတူခဲ့ကြပြီး လုပ်ငန်းစတင်ခဲ့ပါတယ်။  ဒါပေမဲ့ ဟန်ဂေရီနိုင်ငံက နိုးကြားတဲ့ Danu မြစ်စောင့် ကြည့်ရေးအဖွဲ့ (Danu Circle) (၁၉၈၄) ခုနှစ်မှာ ပေါ်ပေါက်လာပြီး ကန့်ကွက်တာကြောင့် လုပ်ငန်းခေတ္တရပ်ခဲ့ ရပါတယ်။  ဒီအဖွဲ့က နာမည်ကြီးလာပြီး ''Right Livelihood Award" နဲ့  ''Godlman Environmental Prize for protection Danu''    ဆုတွေ ရရှိခဲ့ပါတယ်။  (၁၉၉၃) ခုနှစ်မှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံပြိုကွဲသွားပြီး နိုင်ငံသစ်တစ်ခုဖြစ်ပေါ်လာတဲ့ စလိုဗက်နိုင်ငံက ဒီစီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖော်ခဲ့တာ (၁၉၉၆) ပြီးစီးပြီး ရေလှောင်ပမာဏ (၄ဝ) စတုရန်းကီလို မီတာရှိတဲ့ Cunovo ရေကာတာ၊ လျှပ်စစ်ဓာတ်ထုတ်လုပ်မှု (၂၄) မဂ္ဂါဝပ်နဲ့ လျှပ်စစ် (၂၆၅ဝ) ဂီဂါဝပ်နာရီ/ နှစ်ထုတ် နိုင်တဲ့ Goboikov Dam ရေတံခါး (၂) ခုပါဝင်တဲ့သင်္ဘော များ ဖြတ်သန်းနိုင်တဲ့ ရေလက်ကြားတစ်ခုကို တည်ဆောက် နိုင်ပြီး နှစ် (၂ဝ) အတွင်း သင်္ဘောပေါင်း (၃) သိန်း၊ ခရီးသည်ပေါင်း (၅) သန်း ဖြတ်သန်းသွားလာနိုင်ခဲ့ပါတယ်။

(၈) ကမ္ဘာ့ဘဏ် အရှုံးပေးလိုက်ရသော Sarder Sarovar ရေကာတာ
          အိန္ဒိယနိုင်ငံ   Navagam မြစ်ပေါ်မှာ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ လယ်ယာမြေ (၆,၉ဝဝ) စတုရန်းမိုင်ကို ရေပေးဝေဖို့ ကျေးရွာပေါင်း (၂၁ဝ) က လူဦးရေ (၄) သိန်းကျော်နဲ့ လယ်ယာ (၇၄,ဝဝဝ) ဧက ရေလွှမ်းမိုးဒဏ်ကာကွယ်ဖို့နဲ့ လျှပ်စစ်ဓာတ်အား (၁,၄၅ဝ) မဂ္ဂါဝပ်ထုတ်ဖို့ Saradar Sarovar ရေကာတာစီမံကိန်းကို (၁၉၈၇) ခုနှစ်မှာ စတင်ခဲ့ပါတယ်။  ရေကာတာအလျား (၁၉၇ဝ) ပေရှိပြီး အမြင့် (၅၃၅) ပေ ရှိတဲ့ ဒီရေကာတာဟာ ရေဝေရေလဲဧရိယာ (၃၄,ဝဝဝ) စတုရန်းမိုင်၊ ရေလှောင် ပမာဏ သန်းပေါင်း (၉,၅ဝဝ) ကုဗမီတာရှိတာမို့ သစ်တော ဧရိယာ (၁၄,ဝဝဝ) ဟက်တာ နစ်မြုပ်ပြီး ဌာနေတိုင်းရင်းသားပေါင်း (၂) သိန်းခွဲကျော် ပြောင်းရွှေ့ပေးကြရပါတယ်။  အစိုးရဆောင်ရွက်ပေးတဲ့ ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ နစ်နာကြေးတွေကို မကျေနပ်တဲ့ ''Medha Patkar" ဦးဆောင်တဲ့ ''Sowe Narmada" ဦးဆောင်တဲ့ ''Snow Narmada movement" အဖွဲ့ဟာ (၁၉၈၉) ခုနှစ်မှာ ပေါ်ပေါက်လာပြီး စီမံကိန်းနဲ့ပတ်သက်တဲ့    Narmada Diary (1995) -    Drowned our (2010)  ဝါဒဖြန့်ချိရေးရုပ်ရှင်ကားတွေကို ထုတ်လွှင့်ပြီး ကန့်ကွက်ခဲ့ ကြလို့ ''Right Livehood Award" ဆုကို (၁၉၉၁) ခုနှစ်မှာ ရရှိခဲ့ပါတယ်။  ပြောင်းရွှေ့ခြင်းခံရတဲ့ ဌာနေ တိုင်းရင်းသားများအပေါ် အစိုးရရဲ့ လူမှုရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ပေါ် တာဝန်ယူဆောင်ရွက်ချက်တွေကို သံသယရှိလို့ ကမ္ဘာ့ဘဏ်က ထောက်ပံ့မှုအရပ်ရပ်ကို (၁၉၉၄) ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။  အိန္ဒိယအစိုးရက နိုင်ငံတော်ငွေနဲ့ ဆက်လက်လုပ်ဆောင်ခဲ့ပြီး (၂ဝ၁၄) ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။  ယနေ့အချိန်မှာ ဒီ Sardar sarovar ရေကာတာကြောင့် လူသန်း (၂ဝ) ကျော်ဟာ စားနပ်ရိက္ခာဖူလုံနေကြပြီး လျှပ်စစ်ဓာတ်အားတွေကြောင့် လည်ပတ်နိုင်တဲ့စက်ရုံ၊ အလုပ်ရုံတွေမှာလည်း လူ (၁) သန်းကျော်ဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာခဲ့ကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)