Oct 24, 2015

ဒီမြစ်၊ ဒီလူမျိုး၊ ဒီရေနှင့် ဒီလေ

           

 သီဟရာဇာ

ကျွန်တော်ဟာ မြန်မာပြည်သားပါ။  မြန်မာပြည် အလယ်ပိုင်းအပူပိုင်းဒေသလို့ခေါ်တဲ့ မကွေးမြို့မှာ မွေးတာပါ။  ကျွန်တော်တို့နိုင်ငံရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးဟာ ကျွန်တော်တို့မြို့ကို ကွေ့ဝိုက် စီးဆင်းသွားလို့ (မြစ်ကွေ့) လို့ ခေါ်တယ်
လို့ ရှေး လူကြီးသူမတွေ ပြောစကားအရ သိရပါတယ်။  ပူပြင်း ခြောက်သွေ့တဲ့ ဒေသမှာ တည်ရှိတဲ့ ကျွန်တော်တို့မြို့အတွက် ဧရာဝတီမြစ်ဟာ မရှိမဖြစ်လို့ ဆိုလို့ရပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အသက်နဲ့အမျှ ဧရာဝတီမြစ်ရေကိုသောက်သုံးပြီး အသက်ဆက်ခဲ့ရလို့ပါ။  ၂ဝ၁၁ ခုနှစ် နွေရာသီကစလို့ ကျွန်တော်တို့အိမ်မှာ ဧရာဝတီမြစ်ရေကို သောက်သုံးရေအဖြစ် အသုံးမပြုတော့ပါဘူး။  ဒါပေမဲ့ သုံးရေအဖြစ်တော့ အသုံးပြုနေရဆဲပါ။  ရေနွေးကျိုတာ၊ ထမင်းချက်တာတွေကိုတော့ မြစ်ရေကို ကျောက်ချဉ်တိုက်၊ အနည်ကျအောင်ထားပြီး ယခုအချိန်ထိ သုံးစွဲနေဆဲပါ။  ပြောချင်တာက ဧရာဝတီမြစ်ဟာ ကျွန်တော်တို့အတွက် မရှိမဖြစ်အရေးပါပြီး တန်ဖိုးဖြတ်မရအောင် အသုံးဝင်တဲ့ မြစ်တစ်စင်းပါ။
          ကျွန်တော်က နံနက်ခင်းတိုင်း လမ်းလျှောက်ထွက်ပါတယ်။  ကျွန်တော်လမ်းလျှောက်တဲ့နေရာ (၂) နေရာ ရှိပါတယ်။  တစ်နေရာက ဧရာဝတီမြစ်တလျှောက်ပါ။  နောက်တစ်နေရာကတော့ ဧရာဝတီမြစ်ကူး တံတားကြီးပေါ်ကို လမ်းလျှောက်ထွက်တတ်ပါတယ်။  ဧရာဝတီမြစ်ကမ်း တလျှောက် လမ်းလျှောက်ထွက်ရင် ပဲဖြစ်ဖြစ်၊ ဧရာဝတီ မြစ်ကူးတံတားပေါ်ကို လမ်းလျှောက်ထွက်ရင်ဖြစ်ဖြစ်၊ ကျွန်တော် အမှုမဲ့၊ အမှတ်မဲ့နဲ့ လမ်းလျှောက်ထွက်ခဲ့တဲ့နေ့ရယ်လို့ မရှိခဲ့ပါဘူး။  အဲဒါက ကျွန်တော့်အကျင့်ပါ။  ကျွန်တော် လမ်းလျှောက်ရင်း မြင်သမျှ၊ တွေ့သမျှတွေကို ကြည့်တယ်။  ကြည့်ပြီးရင် စဉ်းစားတယ်။  စဉ်းစားပြီးရင် တွေးတယ်။  တွေးပြီးရင် နောက်ထပ် 'ဘာကြောင့်' ဆိုတာကို ကျွန်တော် ထပ်ဖြည့်ကြည့်တယ်။  တော်တော်ရှည်တယ်လို့ ပြောရင်ရပါတယ်။
          အဲဒီတော့ ...။  ကျွန်တော် မြင်သမျှ၊ တွေ့သမျှကို စပြောမယ်။  ကျွန်တော် မွေးကတည်းကနေ ကျွန်တော့် အသက် ၂၆ နှစ်ပြည့်ပြီးအထိ နံနက်တိုင်း ကျွန်တော် လမ်လျှောက်ထွက်ရင်း တွေ့ခဲ့၊ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေက ဘာတွေလဲဆိုတော့ ...
(၁) ဧရာဝတီမြစ်
(၂) ငါးဖမ်းလှေငယ်များ
(၃) သစ်လုံးတင်သင်္ဘောများ
(၄) သယ်ယူပို့ဆောင်ရေးယာဉ်များ (လှေ၊ သင်္ဘော)
(၅) 'မြစ်ရေ' ကိုသောက်/ သုံးရေအဖြစ် ပို့ဆောင်ရောင်းချ အသက်မွေးဝမ်းကျောင်းပြုသူများ
(၆)      မြစ်အတွင်းသို့ လာရောက်ရေချိုး/ ရေခပ်ကြသူများ
(၇)      မြစ်အတွင်းသို့ အဝတ်လာလျှော်ကြ သော 'ဒိုဘီ' အလျှော်သည်များ
(၈) မြစ်အတွင်းသို့ အမှိုက်စွန့်ပစ်သူများ
(၉) မြစ်အတွင်းသို့ 'တိရစ္ဆာန်များ' အား လာရောက်ရေချိုးပေးကြသူများ
(၁ဝ) မြစ်ရေကို သောက်သုံးရေအဖြစ် 'မရှိမဖြစ်' အသုံးပြုနေရသူများ ...
             အစရှိသဖြင့်တွေ့ရှိရပါတယ်။
          ကျွန်တော့်အသက်တွေ ကြီးပြင်းလာသည်နှင့် အမျှ၊ ကျွန်တော့်အသိတွေ တိုးပွားလာသည်နှင့်အမျှ ကျွန်တော့်စိတ်တွေ မျှဝေခံစားတတ်လာတာနဲ့ အမျှ၊ ကျွန်တော့်အတွေးတွေလည်း တဖြည်းဖြည်း၊ တဖြည်းဖြည်း တိုးတက်ပွားများနေလို့ နေပါတယ်။  ကျွန်တော် နေထိုင်ကြီးပြင်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ဒေသမှာ ကျွန်တော့်အသက် အရွယ်အရ မှတ်သားလာခဲ့တဲ့အရာတွေဟာ တဖြည်းဖြည်း မတူညီတော့ဘူးဆိုတာ ကျွန်တော့်အသိဥာဏ်ထဲမှာ မှတ်သား ထားတဲ့ မှတ်တမ်းဖိုင်တွေက "မဟုတ်ဘူး၊ မဟုတ်ဘူး" ဆိုပြီး အချက်ပေးသံတွေ မြည်လာပါတယ်။ လူတွေရဲ့အသိဥာဏ်တွေဟာ ကွန်ပျူတာကမှတ်ပြီး သိမ်းထား တဲ့အသိဥာဏ်တွေလို ဖျောက်ပစ်လို့ မရတာလည်း ပါမှာပေါ့။  အဲဒီမှာစပြီးတွေးတယ်။  မသေချာသေးတဲ့ အဖြေလေးတွေ နည်းနည်းချင်းထွက်လာပြီ။
          ဧရာဝတီမြစ် ...။  ကျွန်တော် ငယ်ငယ်ကတွေ့ခဲ့ရတဲ့ 'ဧရာဝတီ' ရဲ့ တစ်နှစ်ပတ်လုံး ရေစီးပုံနဲ့ ယနေ့ ဧရာဝတီမြစ်ရဲ့ တစ်နှစ်ပတ်လုံးရေစီးဆင်းပုံ၊ ရေစီးအား၊ ရေအနက်စူး (ပေ) တွေ မတူတော့ဘူး။  ကျွန်တော်သိရသလောက် ပြောရရင် ...။  ကျွန်တော် ဦးနှောက် မှတ်ဥာဏ်ထဲကနေ မရေရာ၊ မသေချာတဲ့ မေးခွန်းတွေ ထွက်လာတာ (၂ဝဝ၇) ခုနှစ် လောက်ကပါ။  နွေရာသီမှာ ဧရာဝတီမြစ်ရေ အရမ်းနည်းသွားတယ်။  မော်တော်တွေ၊ သင်္ဘောတွေ သွားလို့ မရတော့ဘူး။  သွားလို့မရတော့ဘူးဆိုတာက သတိထားပြီး သွားနေရတော့တာကို ဆိုလိုတာပါ။   (၂ဝ၁၁) ခုနှစ် နွေရာသီမှာ တော်တော့်ကို ဆိုးသွားပြီ။  သယ်ယူပို့ဆောင်ရေးသင်္ဘောငယ်၊ သင်္ဘောကြီးတွေ သွားလာဖို့ တော်တော့်ကို ခက်ခဲသွားတာတွေ့လိုက်ရတယ်။  ရေစီးအားလည်း နှေးသွားပြီ၊ ရေစီးဆင်းမှု ပမာဏလည်း တော်တော်လျော့ကျသွားတယ်။  အဲဒါအပြင် အဲဒီလိုရေနည်းနေတဲ့ အချိန်မှာ 'ရေထဲမှာ ဆီတွေဝေ့ပြီး ရေစီးထဲ မှာ ပါနေတာ' ကို တစ်မနက် ကျွန်တော် လမ်းလျှောက်ထွက်ရင်း တွေ့ခဲ့ရပါတယ်။  ဘာဆီတွေလဲလို့ ကျွန်တော်လိုက်ကြည့်တော့ 'ရေနံတင်' ဆီတွဲတွန်းသင်္ဘောကြီးတစ်စင်း စက်ပြင်ရာကနေ မြစ်ထဲကို ဖိတ်စင်လာတဲ့ ဒီဇယ်ဆီ (စက်ဆေးဆီ) တွေပါ။  ကဲ ...အဲဒီမှာ မြစ်ရေနည်းနေတဲ့အချိန်၊ ရေစီးအားနှေးတဲ့အချိန်မှာ ဒီလိုတွေဖြစ်လာတော့ ...
(၁) အဲဒီရေကို သောက်သုံးမယ့်သူတွေ/သုံးစွဲမယ့်သူတွေ ...
(၂) မြစ်ရေကို သောက်သုံးရေအဖြစ် ရောင်းစားပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေ ...
          ကဲ ...ဘယ်လိုလုပ်ကြမလဲ၊ သောက်ရင် စက်ဆီအနံ့တွေရတယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် ကြုံဖူးပါတယ်။  သောက်ဖူးတယ်။  အဲဒါနဲ့ ကျွန်တော်မေး ကြည့်တော့ ...ရေရောင်းတဲ့သူက ဘာပြောလဲသိလား။  ရေတင်တဲ့စက်ကပါ တဲ့။  ကဲ ...ဒီနေ့ ကျွန်တော်လက်တွေ့ တွေ့လိုက်ရပြီ။  သိလိုက်ရပြီ။  အဲဒါဘယ်အချိန်လဲဆိုတော့ ကျွန်တော့်ရဲ့ ဒီစာပထမဆုံးအပိုဒ်မှာရေးခဲ့တဲ့ (၂ဝ၁၁) နွေဦးရာသီကပေါ့။  အဲဒါကြောင့် အဲဒီအချိန်ကစပြီး  (၂ဝ၁၁) စက်တင်ဘာလအထိ မြစ်ရေကို သောက်ရေ အဖြစ်မသုံးတော့ဘဲ ရေသန့်ကိုပဲသောက်ရေအဖြစ် အသုံး ပြုခဲ့တာပါ။  ကဲ ...ဒီနေရာမှာ ဆက်ပြောရရင် ...
(၁) သောက်ရေအတွက် ရေသန့်ဝယ်မသောက်နိုင်တဲ့သူ ရေသန့်အတွက်ပေးရမယ့် (အဖိုးအခ၊ ကျသင့် ငွေပေးချေဖို့ မတတ်နိုင်သူဆိုရင် ဘယ်လိုလုပ်မလဲ)
(၂) အဲဒီ ...အခု ကျွန်တော်တို့ ဝယ်သောက်နေတဲ့ 'ရေသန့်' ဆိုတာကော တကယ် သန့်ရဲ့လား၊ လူတစ်ယောက် သောက်ဖို့အတွက် သန့်ရှင်းတဲ့အနေ အထားမှာရှိရဲ့လား။
          မေးခွန်းတွေကတော့ ရှိလာပြီ။  စဉ်းစားကြည့်ပါဦး။  ကျွန်တော့်အိမ်လည်း သောက်ရေအဖြစ်သာ အသုံးမပြုတော့တာ။  ရေနွေးကြမ်းသောက်ဖို့နဲ့၊ ဟင်းချက်ဖို့အတွက်တော့ အသုံးပြုနေရဆဲပါ။  ရှောင်လွှဲလို့၊ ပစ်ပယ်လို့ မရသေးဘူးဆိုတာကို ပြောချင်တာပါ။
          ကျွန်တော်ဆက်ပြောမယ်။  မြစ်ရေစီးအား နှေးလာတယ်။  မြစ်ထဲမှာ ရေစီးဆင်းနေတဲ့ ပမာဏ လျော့နည်းလာတာတွေ၊ ပုံမှန်အတိုင်းဆိုရင်လည်း လျော့နည်းလာတာပါပဲ။  ဒါပေမဲ့ တော်တော်ကြီးကို သိသာလာတာ။  မြစ်ထဲမှာ သဲသောင်ပြင်ဖြစ်ထွန်းမှုတွေများလာတယ်။  နုန်းတွေ အများကြီးတင်လာတယ်။  အဲဒီနေရာမှာ ကျွန်တော်သွားပြီးတွေးမိတာက Development & Environmental မြို့ရွာမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သွားရေးလာရေး၊ လမ်းပန်းဆက်သွယ်ရေးလွယ်ကူဖို့ အတွက် ဧရာဝတီမြစ်ကူးတံတားကြီးတွေ တည်ဆောက်ပေးတယ်။  ကျွန်တော်တို့မကွေးတိုင်းဒေသကြီးအတွင်းမှာ ဧရာဝတီမြစ်ကူးတံတားကြီး (၄) စင်းဖြစ်နေပါပြီ။  အဲဒီ ဧရာဝတီမြစ်ကူးတံတားကြီး (၄) စင်းမှာ အသုံးပြုထားတဲ့ မြစ်ထဲမှာစိုက်ထူထားတဲ့ (တံတားတိုင်အရေအတွက်) က တိုင် (၁ဝဝ) နီးပါးရှိနေပါပြီ။
          အဲဒီတံတားတိုင်တွေက ဧရာဝတီမြစ်ကြီးစီးဆင်းမှုအတွက် နုန်းတင်မြေနုပို့ချမှုအတွက်၊ သဲသောင်ပြင်တွေ ဖြစ်ထွန်းမှုအတွက် ပိုပြီးအားပေးနေတယ်လို့ ကျွန်တော် မြင်တယ် နောက်ပြီး  (ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်ခဲ့တဲတံတားတွေက သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေကို လျော့ပါးစေပြီး သဘာဝအရင်းအမြစ်ပတ်ဝန်းကျင်ကို မှီခိုနေတဲ့လူတွေကို တဖြည်းဖြည်း ခြိမ်းခြောက်စပြုနေပြီ။  အဲဒီတော့ ကျွန်တော် မြင်ထားတဲ့ ကျွန်တော်တို့တိုင်းဒေသ ကြီးအတွင်းက ဧရာဝတီမြစ်ကူးတံတားကြီး (၄) စင်းက တကယ်လိုအပ်ချက်ရှိရဲ့လား၊ မြစ်အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်းက လမ်းတွေကို ဘာမှပြောစရာ မလိုတော့အောင် ခင်းထားမယ်ဆိုရင် တံတားတစ်စင်းတည်းနဲ့ရော လုံလောက်မှုမရှိနိုင်ဘူးလား။  ဒါမှမဟုတ် ခေတ်မီတဲ့နည်းပညာနဲ့ အသုံးပြုတွက်ချက်ပြီး တံတားတိုင်အရေအတွက်ကိုလျှော့ချပြီး တံတားတွေ တည်ဆောက်ခဲ့မယ်ဆိုရင်ကော မရနိုင်ဘူးလား။
          ဒီတံတားကြီးတွေတည်ဆောက် တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ရင်းမြစ် တွေနဲ့ အဲဒီသဘာဝ ပတ်ဝန်းကျင်ရင်းမြစ် တွေကို အဓိကမှီခိုအားထားနေတဲ့ လူတွေ အ တွက် ဘယ်လိုအကျိုးသက်ရောက်မှု တွေရှိလာနိုင်တယ်ဆိုတာကိုရော သေချာ တွက်ချက်ခဲ့ကြပါရဲ့လား။ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ အနေအထား တစ်ခုကိုသွားတိုင်း သဘာဝပတ်ဝန်းကျင်ရင်းမြစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအကျိုးသက်ရောက် မှုတွေရှိလာနိုင်တယ်ဆိုတာကို ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းကြီးတွေ စတင်အကောင် အထည်ဖော်မီအချိန်ကစပြီး ဆက်တိုက် ဆိုသလို (Environment Impact Asesment) EIA ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်မှု၊ ဆက်နွယ်မှု ရှိသူတွေနဲ့ သဘာဝရင်းမြစ် ပတ်ဝန်းကျင်တွေမှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို စဉ်ဆက်မပြတ် တွက်ချက်ပေးနေမှုတွေက တကယ်ကိုလိုအပ်လာတယ်။
          မကွေးတိုင်းဒေသကြီးအတွင်းက မြို့တချို့ကို ကျွန်တော် ရောက်ဖူးတယ်။  ပခုက္ကူ၊ ညောင်ဦး၊ ပုဂံ၊ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ ဆင်ဖြူကျွန်း၊ ရေနံချောင်း၊ စကု၊ မင်းဘူး၊ မကွေး၊ အောင်လံစတဲ့မြို့တွေ အကုန်လုံး ဒီမြစ်ရေကို အားထားနေရတာ၊ ဒါတောင် ရွာတွေ မပါသေးဘူး။  ကျွန်တော် အထက်က ဖော်ပြခဲ့တဲ့ မြို့တွေအကုန်လုံး နွေရာသီ ဧရာဝတီမြစ်ရေရှားတဲ့အချိန်မှာဆိုရင်ကို ရေအတွက် တော်တော်ကိုအခက်အခဲဖြစ်ကြရတာ။  
          ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အပူပိုင်းဒေသ အတွင်း မှီတင်းနေထိုင် ကြသူအားလုံးရဲ့ (၉၅%) ကျော်က ဧရာဝတီမြစ်ကြီးကို အမှီပြုနေကြရတာ။  အဲဒီတော့ ကျွန်တော်တို့ဒေသကလူတွေအားလုံးအတွက် မြစ်ရေရှိမှ မြစ်က ရေစီးရေလာကောင်းမွန်မှုရှိမှ။  အဲဒီစီးနေတဲ့ ရေတွေကလည်းသန့်မှ၊ တကယ်ကို လိုအပ်တာ၊ တော်တော်ကို အရေးကြီးတာ။  အလိုလိုမှ အပူပိုင်းဒေသဖြစ်တာရယ် မိုးခေါင်ရေရှားတာရယ်၊ ရာသီဥတုပြောင်းလဲလာတာ၊ မြစ်ကြီးအတွင်းကိုစီးဝင်နေတဲ့ မြစ်လက်တက်တွေ ချောင်းတွေကိုလည်း စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ရေအတွက် ဆည်နဲ့ တာတမံတွေတည်ဆောက် နေတာ ...စတာတွေအားလုံး စုပေါင်းလိုက်ရင် ...။  တကယ်တမ်း အရင်ဆုံး ရေအတွက်နဲ့ အသက်ဘေးအန္တရာယ်နီးပါး အခက်အခဲ ဒုက္ခပြဿနာတွေကို အများဆုံးရင်ဆိုင်ရနိုင်တာက ကျွန်တော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း မိုးနည်းရပ်ဝန်း၊ မိုးခေါင်ရေရှားဒေသ။  ဒါတွေ ဒီပြဿနာတွေက  အခုချက်ချင်း တန်းမဖြစ်ဘူး။  ဒါပေမဲ့ ကျွန်တော်တို့စဉ်းစားသင့်တဲ့၊ အားလုံးဝိုင်းဝန်းဖြေရှင်းသင့်တဲ့ ကျွန်တော်တို့အားလုံးရဲ့ အမွေဆိုင်မြစ် ကြီးနဲ့ နောင်လာမယ့် ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်ရင်သွေးတို့အတွက်၊ စဉ်းစားရမှာတွေ ပြောတာ။
          ဒီမြစ်နဲ့၊ ဒီလူမျိုး၊ ဒီရေနဲ့ ဒီလေမှာ ရှင်သန် ကြီးပြင်းနေထိုင်လာခဲ့ကြတဲ့ ခေတ်အဆက်ဆက် မျိုးဆက်တွေအားလုံးဟာ ဘယ်လိုမှ ခွဲခြမ်းစိတ်ဖြာလို့ မရနိုင်ပါ ဘူး။  ဒီနေ့အထိ မြစ်ရေသောက်မှ "ဝ"တယ်ဆိုတဲ့ သူတွေ အများကြီးရှိသေးတယ်။  ကျွန်တော်လည်း ပါဝင်သေးတယ်။  ကဲ ...အဲဒီတော့ ကျွန်တော်တို့ဒေသမှာ သောက်သုံးရေအတွက် "မြစ်ရေ"က မရှိမဖြစ်ဆိုတာ သိလောက်ပြီထင်ပါတယ်။  ဪ ...ထပ်ရေးရဦးမယ်...။  ရေနံချောင်းမြို့ရဲ့ တချို့ရပ်ကွက်တွေမှာ သင်္ကြန် (အတာသင်္ကြန်) အတွက် နှစ်ကူးရေပက်ကစားဖို့ ရေမရှိဘူး။  ရေရှားတာကို ပြောတာ။
          ယနေ့အချိန်ထိ ကျွန်တော့် အသက်နဲ့အမျှ မြစ်ထဲမှာ အမြဲလိုလို မကြာခဏ တွေ့မြင်နေရတာက သစ်လုံးတင်တဲ့ သင်္ဘောကြီးတွေဗျ။  ပေါလိုက်တဲ့သစ်တွေဗျ။  ခုတ်လို့ကို မကုန်နိုင်ဘူး။  ကျွန်တော်တို့နိုင်ငံမှာ ဘာဖြစ်လို့များ သစ်တွေ ဒီလောက်ပေါနေတာလဲမသိဘူး။  ကျွန်တော်ထင်တယ်။  နိုင်ငံအတွက်၊ နိုင်ငံခြားဝင်ငွေကို အဓိကရှာပေး နေတာကို သစ်တင်ပို့မှုပါ။  ကျွန်တော်တို့ကို နိုင်ငံခြားကို သစ်လုံးအကြမ်းတွေချည်း မတင်ပို့ဘဲနဲ့၊ အချောထည်လုပ်ပြီး နည်းပညာအသုံးချပြီး တင်ပို့ရင်ကော နိုင်ငံခြားဝင်ငွေ ပိုမရနိုင်ဘူးလား၊ နိုင်ငံအတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေရော ဖန်တီးပေးရာ မရောက်ဘူးလား၊ နောက်ပြီး သစ်တွေခုတ်တဲ့ နေရာမှာ စနစ်တကျခုတ်ထွင်ကြရဲ့လား၊ ရေဝေ၊ ရေလဲ ဒေသက သစ်တောတွေပြုန်းတီးသွားရင် မြေဆီလွှာ ခန်းခြောက်ပြီး၊ အစိုဓာတ် ထိန်းသိမ်း နိုင်မှုနည်းကာ၊ နုန်းပို့ချမှုတွေ မြင့်မားလာနိုင်တယ်ဆိုတာရောသိရဲ့လား၊ မြစ်ညာရဲ့ အထက်ပိုင်းက ရေဝေရေလဲဒေသက သစ်တောကြီးတွေမရှိတော့ရင် ရေတွေဟာ အဆီးအတားမဲ့ စီးဆင်းလာနိုင်ပြီး ရေကြီး၊ ရေလျှံမှုတွေရော မဖြစ်နိုင်ဘူးလား၊ နောက်ဆုံး မြေတွေကို တွယ်ကုပ် ညှပ်ထိန်းညှိပေးထားတဲ့ သစ်ပင်တွေမရှိတော့တဲ့နောက် ရေကြီး၊ ရေလျှံမှုတွေနဲ့ အတူ မြေပြိုမှုတွေဖြစ်လာနိုင်ကာ မှီတင်းနေထိုင်ကြသူတွေ ဘေးအန္တရာယ် ကြုံတွေ့မလာနိုင်ဘူးလား၊ ဥပမာ။  ဥရုချောင်းကို ကြည့်လေ။  တူးနေလိုက်တဲ့ ကျောက်တွေ၊ စည်းမဲ့ကမ်းမဲ့ ရေကြီးရေလျှံမှု တွေနဲ့ အတူ မြေပြိုမှုတွေပါ အခုလက်ရှိ ကြုံတွေ့နေရပြီ။  တော်သေးတာပေါ့ဗျာ။  လူ့သက်တမ်း နှစ် (၆ဝ) (၇ဝ) ဝန်းကျင် လောက်ပဲ ပျမ်းမျှနေထိုင်ခွင့်ရနေလို့။  နှစ် (၆ဝဝ-၇ဝဝ) များ ရှင်သန်နေထိုင်ခွင့်ရကြမယ်ဆိုရင်တော့လား။  မတွေးဝံ့ စရာဘဲ။  အသက်ရှင်နေရသ၍ နေထိုင်ခွင့်ရသမျှ ကာလပတ်လုံးမှာ သဘာဝအရင်းအမြစ်တွေကို ဘယ်လိုမျိုး ဖော်ထုတ်ရမလဲဆိုတာ၊ ဘယ်လိုမျိုးဖျက်ဆီးရမလဲဆိုတာ စဉ်းစားတဲ့သူတွေလို့တောင် ပြောလို့ရနေပြီ။
          ငါးဖမ်းလှေကလေးတွေ၊ ငါးဖမ်းသမားတွေနဲ့ အတူ နေခြည်နုနု ထွက်စ၊ လေပြေနုနု တိုက်ခတ်ချိန်မှာ ဧရာဝတီမြစ်ရဲ့ မြင်ကွင်းတွေကို မြင်ကြည့်လိုက်စမ်းပါ ... မိတ်ဆွေ။  တော်တော်လှတယ်နော်။  ရင်ထဲကို အေးချမ်းသွားတာပဲ။  စိမ်းနေတဲ့ သစ်ပင်၊ စီးနေတဲ့ ရေနဲ့ ပြာလဲ့နေတဲ့ ကောင်းကင်တို့ဟာ လူရဲ့စိတ်ကို ကြည်လင် လန်းဆန်းစေတယ်ဆိုတာ တကယ်မှန်တယ်ဗျာ။  ကာရံ သင့်နေတဲ့ အလှတွေ၊ ကျိန်စာသင့်ပြီး အရုပ်ဆိုးအကျဉ်း တန်သွားမှာကို ခံစားချက်ရရှိတဲ့ ခံစားဖူးသူတိုင်း ဘယ်သူမှ လိုလားမှာ မဟုတ်ပါဘူး။  ဧရာဝတီမြစ်ကြီးရယ်၊ မြစ်ထဲမှာ  ငါးဖမ်းအသက်မွေးတဲ့သူရယ်၊ လှေကလေးတွေ၊ သင်္ဘောတွေနဲ့ စုန်ဆန်သွားလာလှုပ်ရှားနေကြတဲ့ မြင်ကွင်းတွေရယ်၊ ရေချိုးရေခပ်နေသူတွေရယ် ပေါင်းစပ်လိုက်ရင် သဘာဝအလှတရား ပန်းချီကားတစ်ချပ်လိုပါပဲ။  မြန်မာ နိုင်ငံသူ/သားတိုင်း ပိုင်ဆိုင်တဲ့ သဘာဝအလှတရားတွေ၊ လူလုပ်ယူလို့မရနိုင်တဲ့ အလှတရားတွေကို သတိထားစေချင်ပါပြီ။  ခံစားကြည့်စေချင်ပါပြီ။
          ကျွန်တော်တို့ ဧရာဝတီမြစ်ဟာ ကျွန်တော်တို့ တစ်နိုင်ငံတည်း ကျွန်တော်တို့ တစ်ဦးတည်းပိုင်ဆိုင်တဲ့ မြစ်တစ်စင်းပါ။  မြစ်ဖျားခံရာနေရာကနေ မြစ်ဝကျွန်းပေါ်အထိ ကျွန်တော်တို့ အမိမြန်မာနိုင်ငံ ဧရိယာအတွင်းထဲမှာပဲ ရှိခဲ့တာပါ။  ဒါ့အပြင် ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နဲ့ အခြား မြစ်ငယ်ပေါင်းများစွာလည်း ကျွန်တော်တို့ ပိုင်ဆိုင်ပါသေးတယ်။  ဧရာဝတီမြစ်ကတော့ ကျွန်တော်တို့အားလုံး ရဲ့ အသက်သွေးကြောပါ။  တစ်ရက်တော့ MRTV - 4 ရုပ်သံကို အမှတ်မထင် လိုက်ဖတ်ကြည့်မိပါတယ်။  ကျွန်တော့်မျက်လုံးအိမ်ထဲက မျက်ရည်တွေ စီးကျလာပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ပျော်လွန်းလို့ပါ။  နိုင်ငံတော်သမ္မတကြီးက ဧရာဝတီမြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ရပ်နားထားမှာဖြစ်ကြောင်း လွှတ်တော်ကို သဝဏ်လွှာပေးပို့တယ် တဲ့။  ကျွန်တော်သတင်းကို ထပ်ခါထပ်ခါ လိုက်ဖတ်ကြည့်နေမိပါတယ်။  အဲဒီအခါကျမှ ကျွန်တော်လည်း ကျွန်တော့်ကို ကျွန်တော် သတိထားမိပါတော့တယ်။  ဪ်... ငါလည်း ဧရာဝတီမြစ်ကြီးအတွက် အကြီးအကျယ် စိတ်ပူပင်သောကရောက်နေတဲ့ သူတွေထဲမှာ ပါပါလား လို့။  ပျော်လွန်းလို့ ကျွန်တော့်ဆံပင်ကို အတိုလေး သွားညှပ်ပစ်ခဲ့တယ်။  အထိမ်းအမှတ်တစ်ခုအနေနဲ့ပေါ့ဗျာ။ အထူးပြောချင်တာကတော့ ပြည်သူတွေရဲ့အသံကို နားထောင်ပေးတဲ့၊ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထား စဉ်းစားပေးတဲ့ နိုင်ငံတော် သမ္မတကြီးဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အရမ်းကျေးဇူးတင်တယ်ဗျာ။
          ကဲ ...ဒါဆိုရင် ကျွန်တော်တို့ အားလုံး တူညီတဲ့ စိတ်ထားတစ်ခုနဲ့ တူတာတွေအတွက် အတူတူအလုပ်လုပ်လို့ရပြီလို့ ကျွန်တော်ထင်တယ်ဗျာ။  ကျွန်တော်တို့ တူတာတွေအတွက် ဘယ်လိုအလုပ်လုပ်ကြမလဲ၊ မြစ်ဆုံစီမံကိန်းကြီးကို နိုင်ငံတော် သမ္မတကြီးက သူတတ်နိုင်တဲ့ အခန်းကဏ္ဍတစ်ခုကနေ ဧရာဝတီမြစ်ကြီးအတွက် ပါဝင် ဆောင်ရွက်ပေးပြီးသွားပြီ။  ကျွန်တော်တို့ အားလုံးကရော ကျွန်တော်တို့ တတ်နိုင်တဲ့ နေရာတွေကနေ ဘာတွေ ဆောင်ရွက်ကြဖို့လိုသလဲ၊ ဘာတွေ ဆောင်ရွက်ကြရမှာလဲ၊ ဧရာဝတီမြစ်ကြီးအတွက် အားလုံး ပူးပေါင်းလုပ်ဆောင် အကောင် အထည် ဖော်ကြရမှာတွေက အများကြီးပဲနော့်။  ဘာတွေ လုပ်ကြမှာလဲ။  
          နိုင်ငံတော်သမ္မတကြီး ဦးဆောင် တဲ့ အစိုးရလက်ထက်မှာ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွေ အားလုံး ရပ်ဆိုင်းပေးခဲ့တာက ဧရာဝတီရဲ့ အသက် ကို (၆ဝ%) လောက် ကယ်တင်လိုက် နိုင်တယ်လို့တော့ ကျွန်တော် ထင်မိတယ်။  ကျွန်တော့်အထင်ပေါ့ဗျာ။  နောက်ထပ် အခြားအကြောင်းအရာတွေ ကျွန်တော်သိသလောက်ပြောရရင် ဧရာဝတီမြစ်ထဲမှာ စက်ယန္တရားတွေ အသုံးပြုပြီး ရွှေတူးဖော်တာတွေကိုလည်း အမြန်ဆုံး စိစစ်ပြီး ရပ်ပစ်ဖို့လိုတယ်။  ဆည်တာတမံကြီးတွေ တည်ဆောက်ရင် ရေဝပ်ဧရိယာဖြစ်လာမယ်။  ရေမြှုပ်မယ့် ဧရိယာမှာ ရှိမယ့် ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဝှမ်းက သစ်တောကြီးတွေ၊ တစ်နည်းအားဖြင့်ပြောရရင် ရေဝေတောနဲ့ ရေဝေကုန်းတန်းက သစ်တောကြီးတွေ ခုတ်ထွင်ခဲ့တာတွေအတွက် အစားထိုး စိုက်ပျိုးရမှာတွေ ရှိလာမယ်။  မြစ်ကမ်းတစ်လျှောက် အစအဆုံးမှာရှိတဲ့ စက်ရုံအမျိုးမျိုးရဲ့ စွန့်ထုတ်၊ စွန့်ပစ်ပစ္စည်းတွေ စနစ်တကျ စွန့်ပစ်မှု ရှိ၊ မရှိတွေကို စစ်ဆေးရင်းနဲ့ မြစ်အတွင်း စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်မှု ရှိမရှိတွေကိုလည်း တိုင်းတာရမယ်။  ဒါ့အပြင် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေ အပေါ် အကျိုးသက်ရောက်မှုတွေကိုလည်း တွက်ချက်ပေးရမယ်။  မြစ်ရိုးတစ်လျှောက် မြစ်ဖျားခံရာဒေသကအစ မြစ်ဝကျွန်းပေါ် ဒေသအဆုံး ဧရာဝတီမြစ်ကြီးကို မှီတင်း နေထိုင်သူအားလုံးလည်း မြစ်ထဲသို့ အမှိုက်တစ်စတောင်မပစ်ဖို့ အထိကို ပညာပေး လုပ်ငန်းတွေနဲ့ အသိပညာပေးပြီး ထိန်းသိမ်းဖို့ ရေရှည်တည်တံ့ဖို့အတွက်လည်း လုပ်ရဦးမှာပါ။  နောက်ထပ် ကျွန်တော် ပြောပြဖို့ ကျန်ခဲ့တာတွေလည်း ရှိချင် ရှိဦးမှာပါ။
          နောက်ဆုံးအနေနဲ့ အချုပ် ပြောရရင်၊ နိုင်ငံတော်ပိုင်းကလည်း တာဝန်ယူမှုတွေနဲ့အတူ နိုင်ငံသားတွေဘက်ကလည်း တာဝန်သိတတ်မှုတွေ စုပေါင်းရမှာပါ။  ဘယ်သူ မဆို ပါဝင်ရမှာပါ။  နိုင်ငံတော်သမ္မတကအစ၊ ပညာရှင်တွေအလယ်၊ ပြည်သူတွေအဆုံး စုပေါင်း ပါဝင်ရမယ်။  တစ်ဦးချင်းစီရဲ့ အသိစိတ်၊ တာဝန်ယူမှုတွေ စုပေါင်းပါဝင် လုပ်ဆောင်မှုတွေနဲ့ ဧရာဝတီရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရင်း တစ်နိုင်ငံလုံးရဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကိုပါ တပြိုင်နက်တည်းတဖြည်းဖြည်းဖြေရှင်းသွားမယ်ဆိုရင်၊ နောက်ဆုံး ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသမ္မတ နိုင်ငံတော်ကြီးဟာ သဘာဝအရင်း အမြစ်တွေ ပေါကြွယ်ဝတဲ့၊ သဘာဝအရင်းအမြစ်တွေ ထိန်းသိမ်းမှုကောင်းတဲ့၊ သဘာဝအရင်းအမြစ်တွေအပေါ် မှာ တာဝန်သိတတ်မှုအပြည့် ရှိတဲ့၊ သဘာဝနဲ့ လိုက်လျော ညီထွေရှိတဲ့နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ထည်မှာ ဖြစ်ပြီး၊ သဘာဝရဲ့ အလှအပတွေကနေ (Eco Tourism) လို့ ခေါ်တဲ့ နိုင်ငံခြား ဝင်ငွေရှာနိုင်တဲ့ ခရီးသွားနိုင်ငံတစ်ခု အဖြစ် ရပ်တည်နိုင်သောနိုင်ငံတစ်ခုအဖြစ် ရှုမျှော်မိရင်း ...