ဒေါက်တာခင်မောင်ညို
ကျွန်တော်မော်လမြိုင်ကောလိပ်တွင် ဆရာလုပ်စဉ်ကဖြစ်သည်။ ကျောင်းဝင်းထဲတွင် အပင်တွေကို လိုက်စိုက်တတ်သည်။ သူငယ်ချင်း မင်းထွေးနောင် (ပထဝီဝင်ဌာနမှဆရာ) ကလည်း ဘီလူးကျွန်းမှ အုန်းပင်ပေါက်များယူလာကာ ကျောင်းဝင်းတွင် လိုက်စိုက်သည်။
image from http://wealthenthusiast.com/what-are-you-growing/
ကျွန်တော်က ဒန့်သလွန်နှင့် သရက်ပင်များကို
စိုက်သည်။ ကျွန်တော်တို့အဘိုးသည် လယ်စိုက်သူ
ဖြစ်သော်လည်း အိမ်ကခြံတွင် စားပင်သောက်ပင်များစွာ စိုက်လေ့မရှိပေ။ အဓိကတော့ ရေရှားသောပြဿနာဖြစ်သည်။ အိမ်ဝင်းထဲတွင် မန်ကျည်းပင်၊ ဒန့်သလွန်ပင်နှင့် မာလကာပင်တို့ရှိသည်။
အဘိုးက မျောက်ဥနှင့် ပိန်းဥကို အစိုက်များသည်။
ထိုမျောက်ဥသည် နှစ်ပေါက်စားရသည်။
ကျွန်တော့်သူငယ်ချင်းမြင့်သန်းတို့မှာတော့
ခြံရှိသည်။ သူတို့ကခြံက မြင့်မိုရ်တောင် မြောက်ဘက်တွင်
ရှိသည်။ စိမ့်စမ်းတွေပေါသော နေရာဖြစ်သည်။ သူတို့ ခြံစိုက်သည်။ တောင်ယာ လုပ်သည်။ အိမ်ဆိုင်လေးရှိသည်။ ကျွန်တော်က မြင့်သန်းတို့ခြံကို လိုက်သွားရင်း သူတို့
စိုက်ပျိုးရေးလုပ်သည်ကို သဘောကျသည်။ အမေက အိမ်နောက်တွင်
စင်ထိုး၍ ဘူးသီးတွေစိုက်သည်။ ကင်ပိတ် ဆိုသည်ကိုလည်း
စိုက်သည်။ မြန်မာပြည်နေရာအနှံ့တွင် အပင်များဖြစ်ထွန်းကြောင်း
အများသိကြပါသည်။ မွန်ပြည်နယ်တွင် ဘာစိုက်စိုက်
ဖြစ်ထွန်းပါသည်။
မလိမ်ကြပါနဲ့
မော်လမြိုင်တောင်ပိုင်းအရပ်သည် ဒူးရင်း၊
မင်းကွတ်၊ ကြက်မောက်၊ ကျွဲကောတို့ ထွန်းကားရာ ဒေသဖြစ်သည်။ မြေဆီဩဇာနှင့်ပြည့်စုံသောကြောင့် ထိုအရပ်မှထွက်သော
သီးနှံများသည် အရသာအင်မတန် ရှိသည်။ ထို့အတူ
ကျိုက်မရော နတ်စမ်း၊ မုဒုံစသည့် အရပ်တို့တွင်လည်း သီးနှံ အင်မတန်ဖြစ်ထွန်းပါသည်။ မွန်ပြည်နယ် နေရာတကာတွင် ဖြစ်ထွန်းသော်လည်း အချို့
အသီးမှာ မော်လမြိုင်ဝန်းကျင်တွင်သာ ပို၍ချိုသည်။ စား၍ အရသာရှိသည်။ ဥပမာ ဒန့်သလွန်သီးလိုမျိုးဆိုပါတော့။ မော်လမြိုင်ဝန်းကျင်တွင် ဒန့်သလွန်ပင်တွေ အလွန်ဖြစ်ထွန်းပြီး
အသီးများ အင်မတန်အရသာ ရှိသည်။ တစ်ခေတ်က မော်လမြိုင်ဒန့်သလွန်ကို
လူတွေ တရှိုက် မက်မက် စားသုံးခဲ့ကြသည်။ မော်လမြိုင်ဒန့်သလွန်သီးသည်
ရန်ကုန်သို့ စာပို့ရထားကြီးဖြင့် ရောက်လာတတ်သည်။ ထိုစာပို့ရထားရောက်ချိန်တွင် မော်လမြိုင်မှ မှောင်ခိုပစ္စည်းများဝင်လာသလို
ဒန့်သလွန်သီးများကိုလည်း သတင်းစာပတ်ကာ ယူလာတတ်သည်။ အကောင်းကြိုက်သူများက မော်လမြိုင်ဒန့်သလွန်သီးကို
ဈေးကောင်းပေး၍ ဝယ်တတ်သည်။ ဒါကိုသိသော စီးပွားရေးသမားများက
ရထားဆိုက်လျှင် ရထားပေါ်မှဆင်းလာသလိုလိုနှင့် ဒန့်သလွန်သီးများကို သတင်းစာစက္ကူပတ်ကာ
ဘူတာကြီးထဲမှ ထွက်လာတတ်သည်။ လူအတော်များများ
အလိမ်ခံထိပြီး မော်လမြိုင်ဒန့်သလွန်သီးလည်း ခေတ်မစားတော့ပေ။ နောက် သီးနှံတစ်ခုကတော့ ကျွဲကောသီးဖြစ်သည်။ မော်လမြိုင်ဝန်းကျင်ရှိခြံများတွင် ကျွဲကောသီးဖြစ်ထွန်းသည်။
သူတို့က ထိုကျွဲကောမျိုးကို အထူးစိုက်၍ ဓာတ်
ကျွဲကောဟုခေါ်သည်။ ဘယ်လောက်ကောင်းသည့် လိမ္မော်သီးဖြစ်ပါစေ
ဓာတ်ကျွဲကောကိုတော့မမီဟု ပြောလေ့ရှိသည်။ သို့သော်
ကျွဲကောကို အပြင်ကကြည့်ရုံနှင့် အရသာမသိနိုင်ပါ။ ချဉ်သည့် ကျွဲကော၊ ခါးသည့်ကျွဲကော စသော အညံ့ကျွဲကော
များစွာရှိသည်။ ပြင်ပတွင် အတူတူပင်ဖြစ်သည်။
ကျွဲကောကျွမ်းကျင်သူများ အကဲခတ်နိုင်ကောင်းသော်လည်း
၉၉.၉% ကတော့ မသိနိုင်ပါ။ ထို့ကြောင့်လည်း စာရေးဆရာမ
မစန္ဒာက ယောကျာ်းယူရသည်မှာ ကျွဲကောသီး ဝယ်ရသည်နှင့်တူသည်ဟု တင်စား ပြောသွားလေသည်။
ပြောင်းပြန်စိုက်လျှင်မရှင်
သို့သော် အပင်စိုက်သည့်အခါ ပြဿနာနှစ်ခုကိုတော့
ကြုံဖူးသည်။ ပထမက ဆူးပုတ်ဖြစ်သည်။ ကျွန်တော် တနင်္သာရီဆောင်တွင် အဆောင်မှူးဖြစ်တော့ ကျောင်းဆောင်အနောက်ဘက်
ခြံစည်းရိုးပတ်လည်တွင် ဆူးပုတ်များကို စိုက်သည်။ ဆူးပုတ်စိုက်ရန် မခက်ပါ။ အပင်ကြီးတစ်ပင်မှ အကိုင်းခပ်ရင့်ရင့်တစ်ပေခန့်စီကိုယူကာ
မိုးဦးကျတွင် စိုက်ရပါသည်။ ကျွန်တော်၏အဆောင်ခြံ
စည်းရိုးပတ်ပတ်လည်တွင် ဆူးပုတ်တွေ တန်းစီစိုက်ရသည်။ ငယ်ငယ်ကဖတ်ရသော မောင်စွမ်းရည်၏ကဗျာကို သတိရနေသည်။
တစ်နေကုန် ယုန်ရှာ ခြေရာမျှမတွေ့၊ ယုန်မမိတာကြောင့်
ကြုံမိကြုံရာ ခူးပြုတ်ချက်၊ ဆူးပုတ် ရွက်တစ်ပွေ့။ ဆူးပုတ်သည်လည်း စား၍ကောင်းပါသည်။ အဆောင်ပဲဟင်းအတွက် ဆူးပုတ်များ ကောင်းမှကောင်း။ ဤတွင် တပည့်တစ်ယောက်က သူတို့အိမ်နောက် ခြံကျယ်တွင်စိုက်ရန်
ဆူးပုတ်ပင်မျိုးတောင်းသည်။ ကျွန်တော်က မိုးဦးကျတွင်
ကိုင်းများကိုခုတ်ပြီး အရွက်များကိုသင်ကာ ပေးလိုက်သည်။ ယခုလိုဇွန်လတွင် အပင် စိုက်လို့အကောင်းဆုံးဖြစ်သည်။
မြန်မာအစိုးရက သစ်ပင်စိုက်လဟု သတ်မှတ်ထားသည်။
သီတင်းကျွတ်တော့ "မင်းအပင်ဘယ်လိုနေလဲ"
ဟုမေးတော့ သူက မရှင်ကြောင်းပြောပြသည်။ ကျွန်တော်
အတော်အံ့ဩသွားသည်။ ဘယ်လိုဖြစ်တာလဲ၊ ကျွန်တော်
မစဉ်းစားတတ်ပါ။ လမ်းကြုံ၍ သူ့ခြံဘက် လိုက်ကြည့်မိသည်။
ဘယ်အောင်ပါ့မလဲ။ သူက ဆူးပုတ်ကိုင်းများကို ပြောင်းပြန်ထိုးထားတာကိုး။
ပြောင်းပြန်စိုက်လျှင် မရှင်နိုင်ပါ။
တစ်သီးသာသီးသောအပင်
ဒုတိယအချက် တစ်သီးသာသီးသော အပင်ကို တစ်ခါသီးပြီးသောအခါ
ရေလောင်းမနေပါနဲ့။ ကျွန်တော့် မိတ်ဆွေသည် သူ၏ငှက်ပျောပင်ကို
နေ့စဉ်ဂရုတစိုက် ရေလောင်းသည်။ မြေဩဇာတွေထည့်သည်။
ကျွန်တော် သူ့ခြံကိုရောက်လျှင် မေးရသည်။
"ဘယ့်နှယ်လဲ ကိုဝင်းသိန်း၊ ခင်ဗျား
ငှက်ပျောတွေ မသီးသေးဘူးလား"
"ဟင့်အင်း၊ မသီးသေးဘူး"
"ခင်ဗျားလည်း ဒီအပင်ကို ဂရုအရမ်းစိုက်တာပဲ"
"ဂရုစိုက်ရမှာပေါ့ဗျာ၊ ဒီအပင်ကရတဲ့
အရင် တစ်ခိုင်တုန်းက အသီးတွေ အရမ်းအောင်တယ်"
"ဟာ"
ကျွန်တော် အတော်အံ့ဩသွားပါသည်။ သူက ထိုအပင်ကို ရေလောင်းပေါင်းသင်ပေးလျှင် နောက်တစ်ကြိမ်သီးလာမည်ဟု
ထင်နေဟန်တူသည်။ ငှက်ပျောပင်သည် တစ်ကြိမ်သာသီးသည်။
ပေတစ်သီး ကျီးတစ်သား ဟု ကြားဖူးသည်။ ကျီးကန်းများသည် တစ်သားသာမွေး မမွေး မသေချာပါ။ ပေပင်သည် တစ်ကြိမ်သာသီးသည်။ သီးပြီးနောက် သေပါသည်။ ငှက်ပျောပင်ကတော့ အသီးသီးပြီးနောက် မခုတ်မချင်း ရှင်သန်နေပါသည်။
သတင်းအချက်အလက်နှင့်ပညာ
သတင်းအချက်အလက်ကို ကျွန်တော်တို့
Information ဟူသော အင်္ဂလိပ်စကားမှ တိုက်ရိုက် ဖလှယ်ထားသည့်စကားပါ။ ပထမက မိမိသည် သတင်းအချက်အလက်များကို သိရပါသည်။ ထိုသတင်းအချက်အလက်များ ဆန်းစစ် လုပ်ဆောင်နိုင်လာပါက
ပညာရှိသူ ဖြစ်လာပါသည်။ ဆိုလိုသည်က လောကတွင်
ဖြစ်ပျက်သည်များစွာ ရှိသည်။ အချို့က လက်တွေ့မှသိသည်။
အချို့ကတော့ စာတွေ့မှသိသည်။ ထိုစာတွေ့နှင့် လက်တွေ့တို့ကို ပညာဖြင့် ပေါင်းကာ
အဖြေရှာနိုင်ပါသည်။ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုပြီး
(မိမိကိုယ်ကိုယ် သော်လည်းကောင်း၊ သူတစ်ပါးကိုသော်လည်းကောင်း) လိမ်၍ညာ၍မရပါ။
နိဂုံး
လူ့ဘဝသည် အပင်လေးများနှင့် တူပါသည်။ အပင်များကိုစိုက်သည့်အခါ အစေ့မှစိုက်၍ရသည်။ ကိုင်းမှလည်း စိုက်၍ရသည်။ ရေခံမြေခံဘယ်လောက် ကောင်းကောင်း လိုအပ်သောအချက်များ
ပြည့်စုံမှ ထိုအပင်ဖြစ်ထွန်းသည်။ သီးနှံများ
ဖွံ့ဖြိုးသည်။ ပြောင်းပြန် စိုက်မိလျှင် ပြန်ပြောင်းစိုက်ပါ။
တစ်ခါသာသီးသော အပင်ကို ရေလောင်းပြီးအသီးရဖို့
မမျှော်လင့်ပါနဲ့၊ အဆိုးဆုံးကတော့ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာမျိုးပေါ့။ သဘာဝပတ်ဝန်းကျင်ပျက်နေရင်တော့ သီးနှံတွေ မှန်မှန်ကန်ကန်
ဖြစ်ထွန်းတော့မှာ မဟုတ်ပါဘူး။