Oct 24, 2015

အင်းကြီးတောင်သမန်




ဆူးငှက် ~ 


တောင်သမန်တဲ့ ...။ သူက အမရပူရမြို့မှာရှိသည်။ ရှေးက အမရပူရမြို့တော်သည် အရှေ့အောင်ပင်လယ်၊ အရှေ့တောင်ရွှေစာရံ၊ တောင်ပလိပ်ရွာ၊ အနောက်တောင် တဘက်ဆွဲ၊
အနောက်မြောက် စစ်ကိုင်းတိုင်းနယ်မြေ၊ မြောက် တောင်ကျုံးကြီးနှင့် အရှေ့မြောက် ဘုတ်သက်ကယ်ကျင်းအထိ ကျယ်ဝန်းသည်။ ၁၁၄၄ ခုနှစ်၊ တပို့တွဲလဆန်း၇ရက်၊ အင်္ဂါနေ့တွင် မြို့တော်ရုံးတော်၊ ရွှေနန်းတော်၊ ရွှေဂူတော်၊ ကျောင်းတော်၊ ပိဋိကတ်တိုက်တော်၊ ကန်တော်ဟူသော (၇) ဌာနကို တစ်ပြိုင်နက်တည်း ဆောက်လုပ်ကာ မြို့တော်တည်ခဲ့သည်။
တောင်သမန်အင်းက အမရပူရ မင်းနေပြည်တော် တောင်ဘက်မှာရှိသည်။ မြို့တော်အဖြစ်ကောင်းစားခဲ့စဉ်က အမရပူရကို အင်္ဂလိပ်လူမျိုးဟင်နရီဂူဂျာက "မြန်မာ ပြည်၊ နှစ်နှစ်အကျဉ်းခံရစဉ်" ဟု ရေးသား ဖော်ပြထားပါသည်။
"အမရပူရမြို့တော်သည် လမ်းမတော်များမှာသာ အုတ်ကြွပ်မိုးသောအိမ်များရှိကြသည်။ ကျန်အိမ်များကား သစ်သားသက်ကယ်အိမ်တို့ဖြင့်သာ ဆောက်လုပ်သောအိမ်များ ဖြစ်ကြသည်။ ထိုအိမ်များသည် မပျက်စီးခင်က ရှုချင်စဖွယ်ဖြစ်လိမ့်မည်။ မြန်မာထုံးစံအတိုင်း အိမ်များကို ကျွန်းတိုင်စိုက်ဆောက်ကြသည်။ လမ်းလယ်မျက်နှာစာတွင် မြေမှ သုံးပေမြင့်သော အောက်ဆင့်ကြမ်းပြင်၏ နောက်ဘက်တွင် လှေကားကိုတက်၊ အိမ်အတွင်းခန်းသို့ ရောက်နိုင်သည်။ အိမ်ခန်းသည် မြေပြင်နှင့်အလွန်ကွာသဖြင့် အိမ်အောက်တွင် ကျယ်လည်း ကျယ်၊ မြင့်လည်းမြင့်၊ ပစ္စည်းသိုလှောင်ရန် နှင့် အခြားကိစ္စအတွက် အသုံးချသည်။ ဤကဲ့သို့ ဆောက်လုပ်လေ့ရှိသောအိမ်ပုံစံမျိုးသည် မြန်မာနိုင်ငံကဲ့သို့ မြေငလျင်မကြာခဏလှုပ်တတ်သော နိုင်ငံမျိုး၊ အထူး သင့်လျော်သည် ...တဲ့။
ဟင်နရီဂူဂျာတင်ပြသော အမရပူရအိမ်ပုံစံသည် မြန်မာ့ရိုးရာ အိမ်ဆောက်ဓလေ့အတိုင်း ဆောက်လုပ်ထားသော အိမ်ပုံစံပကတိဖြစ်သည်။ အမရပူရမှာကဲ့သို့ ယင်းကဲ့သို့သော အိမ်ပုံစံများ  ယခုအချိန်ထိ ကျန်ကောင်းရာရှိနေသေးသည်မှာလည်း အမရပူရ၏ဂုဏ်ဖြစ်သည်။ ထိုစဉ်က အမရပူရ၏ လမ်းများအနေအထားကိုလည်း ကြည့်ပါဦး ...။
"အမရပူရ လမ်းမတော်များသည် ကျယ်ပြီး သာယာသည်။ လမ်းဘေးဝယ် မန်ကျည်းပင်များ ပေါက်လျက်ရှိသဖြင့် အရိပ်ကောင်းများရရှိသည်" ...တဲ့။
ကဲ ...ဒီမြင်ကွင်းကလည်း ယခု အမရပူရ မြင်ကွင်းနှင့် ဘာများခြားနားဦးမှာလဲ။ အကယ်၊ ရှေးမြန်မာ မြို့ပြဖွဲ့စည်းပုံနှင့် ရှေးမြန်မာအိမ်ပုံစံများကို တမြတ်တနိုး ထိန်းသိမ်းထားသင့်သည်ဟု ယူဆပါက အမရပူရသည် အကောင်းဆုံးအနေအထားမှာရှိသည်။
အမရပူရ၏ အထင်ကရဖြစ်သော တောင်သမန်အင်းနှင့် ဦးပိန်တံတားဝန်းကျင်ကကော ...လွန်ခဲ့သော နှစ်များမတိုင်ခင်အထိ လွမ်းဆွတ်ဖွယ် ရှေးဟောင်းမြို့ပြ ပုံရိပ်များကို ထင်ဟပ်ဆဲဖြစ်ခဲ့၏။ သက္ကရာဇ် ၁၂၁၃ (ခရစ် ၁၈၆၁) က ပုဂံမင်း၏ မြို့စာရေးဦးပိန်က အင်းဝ နန်းတော်ဟောင်းက သစ်သားဟောင်းများဖြင့် မူလက ၉၈၄ တိုင် (ယခု နောက်တိုးဖြင့် ၁ဝ၈၆ တိုင်)၊ အရှည် ၃၉၆၇ ပေ ရှိသည့် သစ်သားတံတားကြီးကို တည်ဆောက်ခဲ့ရာ  ယခုအချိန်ထိ ထိုမူတံတားပုံစံနှင့် မယွင်းမတိမ်းစေရအောင် မဟာဂန္ဓာရုံဆရာတော်များနှင့် တောင်လေးလုံးဆရာတော်တို့က အဆက်ဆက်ကြပ်မတ်ခဲ့ကြသည်။ ထို့ကြောင့်လည်း အမရပူရနှင့် တောင်သမန်ကို နိုင်ငံခြားခရီးသွားက ခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ ပေလေးထောင်နီးပါးအရှည် သံကူကွန်ကရစ် တံတားကြီးဆိုပါက ဘယ်ကမှ လှည့်ကြည့်မှာပင်မဟုတ်။ သစ်သားတိုင်ဟောင်း၊ ယက်မဟောင်း၊ ထုပ်ဟောင်း ဒိုင်းဟောင်း ပန်းဆွဲဟောင်းများနှင့်မို့ တချို့နေရာမှာ ဟင်္သာပြဒါးအနီ တစ်ပိုင်းတစ်စ၊ တချို့နေရာမှာ ပန်းပုလက်ရာအစအနများ ပါဝင်နေသဖြင့် ဦးပိန်တံတားကြီးကို စိတ်ဝင်စားလာကြခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း၃ဝနီးပါး မကြုံစဖူး ရေကြီးလေသောအခါ တံတားအလယ်ရှိ အခန်းအချို့ ရေမျော ပျက်စီးခဲ့ဖူးသည်။ ထိုနေရာများကို ထိုစဉ်က ကွန်ကရစ် အုတ်တံတားဖြင့် အစားထိုးခဲ့လေဖူးသောကြောင့် ပြစ်တင်ပြောဆိုရေးသားဝေဖန်ခဲ့ကြသည်။ ယခု နောက်ပိုင်းမှာတော့ ရေကြီးနစ်မြုပ်မှုမျိုးနှင့်ကြုံကာ ပျက်စီးသည်များရှိသော်လည်း အသွင်မပြောင်းလဲသေး။ လူသာဓု နတ်သာဓု ခေါ်စရာပေ။
ဦးပိန်တံတား၏ သည်မှာဘက်တွင် အင်းစပ် ကမ်းခြေတစ်လျှောက် သက်တော်ရှည်မယ်ဇယ်ပင်တန်းကြီးကအကိုင်းချင်းယှက်။ အရိပ်ချင်းဆက်ကာ စီတန်း နေရာယူထား၏။ ပြီးတော့ တောင်မင်းကြီးဘုရားရှိသည်။ နွေဦးပေါက်ကလေးများရောက်ပြီဆိုလျှင် မယ်ဇယ်ပင်တန်းအောက်သဲမြေတွင် လှည်းလမ်းကြောင်း ပေါ်လာပြီး ယာတဲသွား၊ ကိုင်းတဲသွား လှည်းတွေတအီအီနှင့် ဖုန်တလုံးလုံးနှင့် တံတားကြီးအောက်က ဟို ကိုင်းတောယာတောဆီသွားကြပြီ။ အင်းအလယ်မှာ ချောင်းရေက စပ်စပ်ပဲရှိ၏။ ပဲခင်း၊ နှမ်းခင်း၊ ကိုင်းခင်းတွေက တမျှော် တခေါ်။ ကိုင်းလယ်ယာတဲဆီက မီးခိုးငွေ့ငွေ့အူသည်။ ထိုမြင်ကွင်းကား ဆောင်းဦးပေါက်မှ နွေလယ်အထိ။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်အချိန်မှာတော့ ယာတွေကိုင်းတွေအားလုံး ရေပင်လယ်က ပြည်ဖုံးကားချပေးလိုက်သည်။ တောင်သမန်ကား ထိုစဉ်က ချစ်စဖွယ်သုံးရာသီအလှကို မရိုးရအောင် ရင်သပ်ရှုမော ဖွင့်လှစ်ပြခဲ့၏။ တံတားအရှေ့ဘက်မှာ ထန်းလက်တဲကလေး ရှိသည်။ ဇရပ်အိုဇရပ်မင်းတွေရှိသည်။ မေဃဝတီ တောင်သမန်ကျောင်းတိုက်ကြီးမှ အကြွင်း အကျန် တံတိုင်းအိုကြီးတွေ ရှိသည်။ ကျောင်းတိုက်အုတ်ခုံကြီးတွေ ရှိသည်။ ပြီးတော့ နန္ဒမူလိုဏ်ဂူအလား တောင်သမန်ကျောင်းတော်ကြီး ဂန္ဓာကုဋီ တိုက်ကြီးက မိုးသို့စွင့်သည်။ သည်ဝန်းကျင်တစ်ခွင်ကို စိမ်းညို့မှိုင်းထန်းတောက အထပ်ထပ် ဝန်းရံပတ်ထားသည်။ ထန်းပင်၊ ထန်းလက်၊ ထန်းရွက်အသွယ်သွယ်ကြားမှ လမ်းစဉ် လမ်းဆက် လမ်းလက်တက်များ အလျှိုလျှို။ ထိုလမ်းများနံဘေးမှာ ထန်းလက် အကြော်တဲလေးများရှိသည်။ အမိုးနိမ့် ဇရပ်အိုလေးများရှိသည်။ ထန်းလက်မိုး၊ ရေအိုးစင်လေးများရှိသည်။ ထန်းလက် ကုလားထိုင်များ ပြုလုပ်သည့် လုပ်ငန်းခွင်ကလေးများရှိသည်။ ဒါကလည်း ဟိုးအရင်တုန်းက ဖြစ်သည်။
အခုမယ်ဇယ်ပင်တန်းမှာ တံတားထိပ်ကအစ တောင်လေးလုံးကျောင်းတိုက်အထိ နံကပ်ဆိုင်ခန်းတွေ ဖြစ်ကုန်၏။ အင်းရေစပ် သဘာဝအလှနေရာတွင်တော့ ဈေးတိုက်ခန်းများက အစားထိုးသွားသည့်သဘောဖြစ်သည်။ ဟိုးအရှေ့တောင်သမန်ကျောက်တော်ကြီး ထန်းတောကတော့ "ရတနာပူရ တက္ကသီလာကြီး" ဖြစ်သွား၏။
တောင်သမန်နှင့် ဦးပိန်တံတား ဝန်းကျင်ကား အပြောင်းလဲကြီး ပြောင်းလဲသွားချေပြီ။ တချို့ အဆင်းလှ၊ တချို့ အဆင်းမလှ။

အတွဲ ၈၊ အမှတ် ၄၈ ၊ ဇူလိုင် + ဩဂုတ် ၊ ၂ဝ၁၅