Oct 25, 2015

ရေ .... ရေ .... ရေ ....


ဦးစန္ဒိမ (စလင်း)
"တန်ခူးရေကုန်၊ ကဆုန်ရေခန်း" တဲ့။  ၂ဝ၁၅ ခုနှစ်တော့ ဒီစာဆိုနဲ့အညီ တကယ်ရေခန်းကုန်ပြီ။  မိုးက (၂) နှစ် ဆက်တိုက် ခေါင်လိုက်တာကိုး။  ပြီးခဲ့တဲ့နှစ်က မိုးခေါင်ပေမယ့် နွေရေပေးနိုင်ပါသေးတယ်။  နွေစပါးတွေ လုပ်ကြရတယ်လေ။  ဒီနှစ်တော့
လင်းဇင်းဆည်ထဲ ရေမရှိလို့ ရေမပေးနိုင်တာနဲ့ နွေစပါးမလုပ်ကြရပါဘူး။  မုန်းဆည်မှာတော့ ရေရှိတယ်။  ဒီတော့ မုန်းသောက်လယ်သမားတွေ နွေလယ်လုပ်ကြရပေသပေါ့။  အများစုကတော့ စမုံနက်လုပ်သူတွေများရဲ့။  ပြီးခဲ့တဲ့နှစ်က ဈေးကောင်းမိပြီး ထောသွားကြတာကလား။
          ဒီနှစ် အတော်များများ လင်းဇင်းဆည်ရေသောက် လယ်သမားတွေ ရေမပေးနိုင်တော့ မြောင်းရေမလာတော့ပါဘူး။  ဒီတော့ စလင်းမြို့နဲ့ တောရွာတွေပါ ရေရှားတဲ့ဒဏ် ကျောကော့ပြီးခဲ့ရပြီပေါ့။  ဒါနဲ့မှအဆင်မပြေရင် ရေတွင်းအသစ် တူးရတယ်။  စက်တွေဝယ်ရတယ်။  ပိုက်တွေဝယ်ရတယ်။  ပိုက်ဆံကုန်ပြီပေါ့။  ပိုက်ဆံကုန်ပြီး အဆင်မပြေရင် ရင်မောရပြီပေါ့။
          ဟိုတုန်းက ရေကန်တစ်ကန် စက်နဲ့တစ်ခါတင်ရင် တစ်နာရီဆိုရင် ခု တစ်နာရီခွဲ နှစ်နာရီတင်ရပါပြီ။  အရေးထဲ မီးကမမှန်တော့ ပိုဒုက္ခများကုန်ရော။  မီးလာသခိုက် သူ့ထက်ငါ ရေစက်မောင်းတင်ကြတော့ မီးအားမျှသုံးရပြီး အလုပ်မဖြစ်ပြန်ဘူး။  အသုံးပြုကြတာတွေများနေမှကိုး။  အိပ်ရေးအပျက်ခံပြီး ညဥ့်နက်သန်းခေါင်ထ ရေတင်ရတော့တာပဲ။  ဒါမှာ မီးအားပြည့် အဆင်ပြေတော့တာကိုး။  ရေအတွက်နဲ့ အတော်ဒုက္ခရောက်ကြရပြီလေ။  ရေရှားတဲ့ရွာတွေဆိုရင် မြို့ပေါ်က တတ်နိုင်သူတွေ ဘောင်ဆာကားနဲ့ ရေတင်ပြီးသွားလှူကြရရဲ့။  အဲသလိုရွာတွေမနည်းဘူးရယ်။
          ရေတွင်းတူးတဲ့လူကနည်း၊ တူးချင်သူတွေကများ လွန်းလို့ ရေတွင်းတူးဆရာတွေလည်း လက်မလည်ဘူး။  ဟိုပြေးရ ဒီပြေးရနဲ့၊ အလှည့်ကျစောင့်တူးရပေသပေါ့။  လယ်ထဲယာထဲ စိုက်ပျိုးရေးသမားတွေကလည်း ရေတွင်းတူး၊ စက်နဲ့ရေဖျန်း ရေသွင်းတူးကြတာဆိုတော့ ပိုဆိုးတာပေါ့။  ရေအရင်းအမြစ်တွေ ပိုခန်းကုန်တော့တာကလား။  စလင်းမြို့ပေါ်ရေရှားကုန်တော့ ရေသန့်စက်နဲ့ ရေရောင်းသူတွေ အလုပ်ဖြစ်ကြရဲ့။  ဒါနဲ့လည်း အလျင်မမီရှာဘူး။  တချို့က ရွှေစေတီရေတွင်းကခပ်ပြီး ရေသန့်ဘူးကြီးတစ်ဘူး ၂ဝဝ ကျပ်နဲ့ လိုက်ရောင်းကြသူတွေလည်း ရှိတယ်လေ။  အရင် တစ်ဘူး ကျပ်  ၁ဝဝ။ ခု ၂ဝဝ။ ဈေးတက်သွားပြီ။  သူတို့တတွေလည်း အလုပ်ဖြစ်ကြရဲ့။
          စလင်းမြို့မှာ ရေကောင်းရေသန့်ထွက်တဲ့ရေတွင်း ၃ တွင်း ရှိပါတယ်။
(၁) ရွှေစေတီရေတွင်း၊
(၂) ဘိုးတော် ဦးဝိုင်းတွင်း၊
(၃) စာရေးသူကျောင်းထဲက ညောင်နှစ်ပင်တွင်း။
ရေနဲ့ပတ်သက်ပြီး နာမည်ကြီးလှတယ်လေ။  ရွှေစေတီရေတွင်း ဆိုတာ စလင်းမြို့အနောက် မြင်တင်ရပ် ထန်းလေးပင်ကုန်း အုပ်စု မိုးကုတ်ဝိပဿနာရိပ်သာတောင်ဘက်မှာပါ။  ရွှေစေတီတွင်းကို တစ်ပဲသာတွင်းလို့လည်း တွင်ပြန်တယ်။  ဘိုးတော်ဦးဝိုင်းတွင်းကရေထက် အရသာတစ်ပဲသာလို့တဲ့။  ဘိုးတော်ဦးဝိုင်းတွင်းဆိုတာက စလင်းမြို့ ပုထိုးဖြူရပ် ငါးစဥ့်တိုက်အတွင်း ငွေတောင်ဦးကျောင်းအတွင်းမှာ တည်ရှိပါတယ်။  အဲဒီကျောင်းအမည်က အရင်က မြဝတီကျောင်း တဲ့။  အဦးဆုံးတွင်တာက ရေချိုတွင်းကျောင်း တဲ့။  ရေတွင်းကို အမှီပြုပြီးတွင်တာ။
          စာရေးသူကျောင်းဝိုင်းထဲက ညောင်နှစ်ပင်ရေတွင်းကလည်း ရေကောင်းတာပဲ။  စာရေးသူငယ်စဉ်က ရွှေမြင်တင် ကျောင်းနေလာတာ နှစ်အကြာကြီး။  ၂၃ နှစ်သားအရွယ်မှာ ညောင်နှစ်ပင်ကျောင်းထိုင်တော့မှ ရေအရသာသိတော့တာရယ်။  တခြားတွင်းရေမသောက်ချင်ဘူး။  စလင်းကုသိနာရုံ ပွဲတော်ဆိုတာ နှစ်စဉ်ကဆုန်လရောက်တိုင်း ဘုရားပွဲကျင်းပတယ်လေ။  ဂေဇက်ရပွဲတော်ကြီးပေါ့။  ဇာတ်ကြီးပွဲကြီးတွေ ဝင်တယ်။  ပွဲတော်မှာ ဟိုတုန်းက ရေထမ်းရောင်းသူတွေ အများကြီးရယ်။  တခြားရေတွင်းက ရေခပ်ရောင်းလို့ ရေတစ်ထမ်း ၁ဝ ပြားဆိုရင် စာရေးသူကျောင်းရေက ၁၅ ပြားတဲ့။  ဒါလေးတော့ မှတ်မိရဲ့။  ခုတော့ ရေထမ်းရောင်းတဲ့ လူတစ်ဦးနှစ်ဦးပဲ ရှိပါတော့တယ်။
          ရွှေစေတီတွင်းကရေ နာမည်ကြီးတာလည်း မပြောနဲ့။  ဘိလပ်ရည်ချက်ရာ၊ မုန့်ဟင်းခါးလုပ်ရာ၊ အရက် ဆိုင်ကြီးတွေ အရက်ကို ရေနဲ့ရောရာမှာ ဒီရေမပါလို့ မရဘူးဆိုပဲ။  ရေချိုးလည်း မကပ်ဘူးတဲ့။  စံ ၇ နဲ့ ပြည့်စုံ သတဲ့။  စလင်းမြို့က နာမည်ကြီးရေတွင်း ၃ တွင်းလုံး ရှေးက အုတ်တွင်းကြီးတွေလေ။  ရေပဲ အခပ်ခံတာ၊ လူရေချိုး မခံပါဘူး။  သန့်သန့်ရှင်းရှင်းသောက်သုံးရေရအောင်လို့ပေါ့။  ခုနှစ်နွေရာသီ ရေရှားတော့ လှည်းသား ၅ဝဝ ဇာတ် သွားအမှတ်ရပါတော့တယ်။  ရွှေမန်းတင်မောင်ဓာတ်ပြား နာမည်ကြီးပေါ့။

          မေလထဲရောက်ပြီ။  မိုးကတစ်စက်မှမရွာသေးဘူး။  ရေကရှားလိုက်တာ လွန်ရော။  ရေက ရှားတဲ့နေရာမှာ ရှားနေတာပါ။  သင်္ကြန်တွင်းတုန်းက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စတဲ့မြို့ကြီးတွေမှာတော့ ပေါလိုက်ကြတာ၊ ပက်လိုက်ကြတာ။  ရေတွေ ရေတွေ အဲသလိုသုံးဖြုန်းပစ်မယ့် အစား ရှားပါးတဲ့နေရာဒေသတွေများ ပေးလှူလိုက်ရင် ဘယ်လောက်များ အကျိုးရှိလိုက်မလဲလို့။  ဪ ကမောက် ကမတွေ၊ ကမောက်ကမတွေ။  လောကကြီး မမျှတလိုက်ပုံများ ပြောပါတယ်။  လာမယ့်နှစ်သာ ဒီလိုဆက်မိုးခေါင်မယ်ဆိုရင် တော့ ...။  ရှေ့ဆက်မတွေးရဲလောက်အောင် ပါပဲ။  ရေ မြေ လေ မီး ဓာတ်ကြီးလေးပါးဆိုတာ လူတွေရဲ့ အသက်သွေးခဲပဲမဟုတ်ပါလား။  ဒါလည်း ထည့်တွက်ကြပါဦး။